နေပြည်တော် မေ ၂၈
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၂၈-၅-၂၀၂၁) ရက်နေ့ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ်(၄) အစည်းအဝေးခန်းမတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် COVD-19 ရောဂါ လတ်တလော တွေ့ရှိရမှုအနေဖြင့် (၂၇-၅-၂၀၂၁)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်နှင့် ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ကျီခါးမြို့တို့တွင် အစုလိုက် တွေ့ရှိမှုများ အပါအဝင် တစ်နိုင်ငံလုံးတွင် (၉၆)ဦး စစ်ဆေးတွေ့ရှိခဲ့ပါကြောင်း၊ ရောဂါဆက်လက်ကူးစက် ပြန့်ပွားမှုများကို ထိရောက်စွာ တားဆီးနိုင်ရေးနှင့် ရောဂါဖြစ်ပွားမှုများကို အချိန်မီထိန်းချုပ်နိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်နိုင်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများကို ဖိတ်ခေါ်၍ ယနေ့အစည်းအဝေးကို ကျင်းပခြင်းဖြစ်ပါကြောင်း၊
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ကျီခါးမြို့သို့ COVD-19 ရောဂါ ကာကွယ်နှိမ်နင်းကုသရေးအတွက် လိုအပ်သော ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ပေးနေလျက်ရှိပြီး အသွားအလာ ကန့်သတ်ခြင်း၊ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခြင်း၊ ကျန်းမာရေး အသိပညာမြှင့်တင်ခြင်း အစရှိသော ရောဂါထိန်းချုပ်ခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် အရှိန်အဟုန်မြှင့်တင် ပူးပေါင်း ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ အလားတူ အခြားရောဂါဖြစ်ပွားမှု များပြားလျက်ရှိသော ဒေသများကိုလည်း လိုအပ်သည်များ အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
အိမ်နီးချင်းနိုင်ငံများတွင်လည်း COVD-19 ရောဂါ မျိုးရိုးဗီဇပိုးအသစ်တွေ့ရှိမှုနှင့် ရောဂါ ကူးစက်မှု မြင့်မားနေခြင်းကြောင့် ကရင်ပြည်နယ်၊ မြဝတီနယ်စပ်မှ ပြန်ဝင်ရောက်လာသူများမှ ရောဂါပြန့်ပွား မှုများကို ထိရောက်စွာ တားဆီးနိုင်ရေးနှင့် ကုန်စည်စီးဆင်းမှုမထိခိုက်စေရေး COVD-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ လမ်းညွှန်မှုကို ခံယူကာ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်တွင်လည်း COVD-19 ရောဂါကူးစက်ဖြစ်ပွားမှု ဆက်တိုက် ရှိနေသည့်အတွက် ရောဂါဆက်လက်မပြန့်ပွားစေရေး လိုအပ်သည်များကို ထိရောက်စွာပူးပေါင်း ဆောင် ရွက်ရမည် ဖြစ်ပါကြောင်း၊
လတ်တလောတွေ့ရှိရသည့် ကူးစက်မှုများသည် COVID-19 ရောဂါမျိုးရိုးဗီဇအသစ်ကြောင့် ဖြစ်ပွားခြင်း ရှိ/မရှိကို သိရှိနိုင်ရန်အတွက် မျိုးရိုးဗီဇစစ်ဆေးခြင်းကို အမြန်ဆုံး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
မိမိတို့အနေဖြင့် ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများနှင့် ကျန်းမာရေး အသိပညာမြှင့်တင်ခြင်း လုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်ပွားမှု များပြားနေစဉ်ကာလမှ စတင်၍ အထူးအားဖြည့် ဆောင်ရွက်လျက်ရှိပြီး တစ်ချိန်တည်းတွင် ကုသရေးဆိုင်ရာကြိုတင်ပြင်ဆင်မှုများ၊ ဆေးနှင့်ဆေးပစ္စည်း ထောက်ပံ့ခြင်းစသည့် ဘက်ပေါင်းစုံမှ ကြိုတင်ပြင်ဆင် ဆောင်ရွက်ခြင်း လုပ်ငန်းများကိုလည်း အထူးအားဖြည့် ဆောင်ရွက်လျက်ရှိပါကြောင်း၊
ယခုကဲ့သို့ ရောဂါဖြစ်ပွားမှု အစုလိုက်တွေ့ရှိရခြင်းနှင့် ဖြစ်ပွားမှုအနည်းငယ်များပြားလာခြင်းကို ထောက်ရှု၍ မိမိတို့၏ဆောင်ရွက်နေမှုများကို ယခုထက်ပိုမို၍ အားဖြည့်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊
မိမိတို့ရရှိနိုင်သည့် အရင်းအမြစ်များကို ထိရောက်စွာအသုံးချ၍ ရောဂါဖြစ်ပွားမှု နောက်ထပ်လှိုင်း တစ်လှိုင်းအဖြစ် ပြင်းထန်စွာ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရေး အားလုံးပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသင့်မြတ်သူတို့မှ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများနှင့် ကုသရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသော ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ အောင်မြင့်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ ဝင်းလွင်၊ ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်စွာမြင့်၊ တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာအေးသိန်း၊ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဒုတိယ တိုင်းဒေသကြီးကုသရေး ဦးစီးဌာနမှူး ဒေါက်တာရန်နောင်ထွန်းတို့မှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြပါသည်။
ယင်းနောက် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ကုသရေးဦးစီးဌာန (ဗဟို)မှ တာဝန်ရှိသူများမှ မိမိတို့ကဏ္ဍ အလိုက်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအဝေးကို ရုတ်သိမ်းခဲ့ပါသည်။
အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် (ဝန်ကြီးရုံး)၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
(သတင်းစဉ်)