နေပြည်တော် မေ ၂၈
ဆူပူအကြမ်းဖက် လုပ်ဆောင်နေသူများနှင့် NLD ပါတီဝင်/ထောက်ခံအားပေး သူများအနေဖြင့် အချို့မြို့ကြီးများ၌ အစိုးရ၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် ရည်ရွယ်၍ ဖောက်ခွဲရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်လာသည်ကို တွေ့ရှိရသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းလက်ဦးမှု ရယူ၍ ဖော်ထုတ်ဖမ်းဆီး နိုင်ရေးလိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို အထူးကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။
ဖမ်းဆီးရမိ
ထိုသို့ဆောင်ရွက်လျက်ရှိရာ ရန်ကုန်မြို့အတွင်း ဖောက်ခွဲရေးသင်တန်းပေးရန်၊ လက်နက်၊ ခဲယမ်းများ သယ်ဆောင်ရန်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း နယ်မြေသို့ သင်တန်းသားများစေလွှတ်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက မေလ ၁၃ ရက်တွင် မရမ်းကုန်း မြို့နယ်၊ (၄)ရပ်ကွက်၊ ပြည်လမ်း၊ (၉)မိုင်၊ သီရိကွန်ဒို၊ အခန်းအမှတ်(B-508) အား ရှောင်တခင် ဝင်ရောက် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း နယ်မြေတွင် ဖောက်ခွဲရေးသင်တန်း တက်ရောက်ထားသူ ငြိမ်းချမ်း(ခ)ခိုင်ကိုမွန်၊ ၄၃ နှစ်၊ (ဘ) ဦးလှရွှေအား နိုင်ငံကူးလက်မှတ်စာအုပ်များ၊ ကွန်ပျူတာ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
စစ်ဆေးမေးမြန်း
ဖမ်းဆီးရမိတရားခံ ငြိမ်းချမ်း(ခ)ခိုင်ကိုမွန်၏ ထွက်ဆိုချက်အရ ရွှန်းစိမ့်စိမ့်၊ ၃၀ နှစ်၊ (ဘ) ဦးစောဝင်းအား လှိုင်မြို့နယ်၊ ဓမ္မသုခကျောင်းလမ်း၊ Royal Thukha ကွန်ဒို၊ အခန်းအမှတ်(၉၁၁)၌ မေ ၁၃ ရက် ညပိုင်းတွင် ဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နှစ်ဦးလုံးသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း နယ်မြေတွင်ဖောက်ခွဲရေးသင်တန်းကို ကိုယ်တိုင် တက်ရောက်ခဲ့သူများ ဖြစ်သကဲ့သို့ အခြားသူများကိုလည်း သင်တန်းတက်ရောက်ရန် စေလွှတ်ခြင်းနှင့် တောင်ဒဂုံ မြို့နယ်၊ NLD ပါတီလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသိန်းနိုင်၏ စေခိုင်းချက်အရ လက်နက်/ ခဲယမ်း ဝယ်ယူလိုသည့် ဦးသိန်းနိုင်၏ လူယုံဖြစ်သူ နေမျိုး(ခ) ချာလီအား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းနယ်မြေမှ လက်နက်၊ ခဲယမ်းများသယ်ယူနိုင်ရေး ချိတ်ဆက် ဆောင်ရွက်ပေးခဲ့ကြောင်း စစ်ဆေးမေးမြန်းချက်များအရ သိရှိရသည်။
အကြမ်းဖက်ပစ္စည်းများ ဖမ်းဆီးရမိ
ငြိမ်းချမ်း(ခ) ခိုင်ကိုမွန်ထွက်ဆိုချက်အရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း နယ်မြေတွင် သင်တန်းတက်ရောက်ခဲ့သူ အောင်သက်ပိုင်၊ ၂၈ နှစ်၊ (ဘ)ဦးမြင့်စိုး၊ သက်ဦး၊ ၃၇ နှစ်၊ (ဘ) ဦးကြည်ဌေးတို့ ၂ ဦးအား မေလ ၁၄ ရက်တွင် ရွှေပြည်သာ မြို့နယ်၌ လည်းကောင်း၊ ကျော်သူလေး၊ ၃၆ နှစ်၊ (ဘ) ဦးကံကောင်းအား မေလ ၁၅ ရက်တွင် ရွှေပြည်သာမြို့နယ်၌ လည်းကောင်း၊ ရဲထက်ထွန်း၊ ၃၀ နှစ်၊ (ဘ) ဦးတင်ကြိုင် အား မေလ ၁၆ ရက်တွင် ရွှေပြည်သာမြို့နယ်၌ လည်းကောင်း၊ ရန်ကုန်မြို့အတွင်း လက်နက်/ ခဲယမ်းများသယ်ဆောင်ရန် စီစဉ်ခဲ့သူ နေမျိုး(ခ)ချာလီ၊ ၅၅ နှစ်၊ (ဘ) ဦးကြည်အား မေလ ၁၇ ရက်နေ့တွင် မြောက်ဒဂုံမြို့နယ်၌လည်းကောင်း ဖမ်းဆီးရမိ ခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်များအရ မေလ ၁၅ ရက် ညပိုင်းတွင် တာမွေမြို့နယ်၊ (က+ဂ)ရပ်ကွက်၊ အမှတ်(၁၆၃)လမ်း၊ တိုက်(၁၈)၊ အပေါ်ဆုံးလွှာရှိ ပပ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ရာ ပပအား ဖမ်းဆီးရမိခြင်းမရှိဘဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနယ်မြေတွင် ဖောက်ခွဲရေးသင်တန်း တက်ရောက် ခဲ့သူများဖြစ်သည့် သိန်းစင်၊ ၂၁ နှစ်၊ (ဘ)ဦးအောင်ကျော်ဦး၊ စုမြတ်နိုး၊ ၂၄ နှစ်၊ (ဘ) ဦးဝင်းမြင့်၊ ခင်ပြုံးကျော်၊ ၂၃ နှစ်၊ (ဘ) ဦးမြင့်ကျော်နှင့် ခိုင်ခင်မိုး၊ ၂၆ နှစ်၊ (ဘ)ဦးဘိုမောင်တို့ ၄ ဦးအား အကြမ်းဖက် လုပ်ရပ်များလုပ်ဆောင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ထပ်မံဖမ်းဆီးရမိ
ဖမ်းဆီးရမိတရားခံ သိန်းစင်၏ ထွက်ဆိုချက်အရ ၎င်းသည် မေလ ၁၆ ရက် တွင် ဖြစ်ပွားခဲ့သည့် ပဲခူးမြို့၊ ဆူပူအကြမ်းဖက်ဆန္ဒပြမှုများတွင် ပါဝင်ခဲ့ကြောင်း သိရှိရပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းထံတွင် သင်တန်းတက်ရောက်ခဲ့သူ များဖြစ်ကြသည့် ပြည့်ဖြိုးနိုင်(ခ)မာဖီးယား၊ ၂၉ နှစ်၊ (ဘ)ဦးကြည်ဝင်း၊ ပြည့်စုံအောင် (ခ)ကပ်စပါ၊ ၂၀ နှစ်၊ (ဘ)ဦးကျော်ထူး၊ သက်ဖြိုးနောင်၊ ၂၆ နှစ်၊ (ဘ)ဦးသက်နိုင်၊ လူမင်း၊ ၁၇ နှစ်၊ (ဘ)မျိုးဇော်ဟိန်း၊ အိမြတ်သွယ်၊ ၂၃ နှစ်၊ (ဘ)ဦးသန်းလှိုင်ဦးတို့ ၅ ဦးအား ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၂)၊ မြသန္တာလမ်းရှိ ဧဝရတ်တည်းခိုခန်း၌ လည်းကောင်း၊ သူရကျော်စွာ(ခ)ညီညီဇော်၊ ၄၂ နှစ်၊ (ဘ)ဦးသိန်းအောင်အား ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၂)ရှိ သန်းကြွယ်လ္ဘက်ရည်ဆိုင်တွင် လည်းကောင်း ထပ်မံ ဖမ်းဆီးရမိခဲ့သည်။
ပြည့်ဖြိုးနိုင်(ခ)မာဖီးယား၏ ထွက်ဆိုချက်အရ ပြည့်စုံဖြိုး၊ ၁၉ နှစ်၊(ဘ) ဦးရဲလင်းကျော်အား မေလ ၁၇ ရက်တွင် ပဲခူးမြို့၊ ရပ်ကွက်(၂)၊ အေသင်စားသောက် ဆိုင်၌လည်းကောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းထံတွင် သင်တန်းတက်ရောက် ခဲ့သူများဖြစ်ကြသည့် သူရိန်ကိုကို၊ ၂၃ နှစ်၊ (ဘ) ဦးအောင်ကျော်စိုးနှင့် မြင့်ကိုဦး၊ ၂၃ နှစ်၊ (ဘ)ဦးမောင်အေးအား ပဲခူးမြို့၊ ကျွန်းသာရပ်ကွက်၊ အောင်ရတနာ ဘုန်းကြီးကျောင်း၌ လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
အရေးယူနိုင်ရေး ဆောင်ရွက်
အထက်ပါဖမ်းဆီးရမိသူများဖြစ်သည့် ငြိမ်းချမ်းအပါအဝင် ၂၀ ဦးသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး နှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် ရည်ရွယ်၍ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခဲ့သည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ၎င်းတို့အား တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်