နေပြည်တော် မေ ၂၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် နေပြည်တော်၊ မင်္ဂလာ ကန်တော်ပတ်လမ်း တိုးချဲ့ တည်ဆောက်မည့် အခြေအနေနှင့် ရာဇဌာနီလမ်း ကုက္ကိုတန်းရှေ့ အလှမြက်ခင်းစိုက်မည့် မြေနေရာပြုပြင်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ် ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် နေပြည်တော် ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းအဝိုင်း အနီးရှိ မင်္ဂလာကန်တော် ပန်းခြံအတွင်း ကန်ပတ်လမ်း တိုးချဲ့တည်ဆောက်မည့် နေရာသို့ ရောက်ရှိကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ထို့နောက် မင်္ဂလာကန်တော်ပတ်လမ်းရှိ အများပြည်သူအပန်းဖြေရန်နေရာ၊ အမှတ် တရသော့ချိတ်ဆွဲရန် နေရာ၊ မင်္ဂလာကန်တော်ရှိရေပေါ်ရှုရပ်စင်နှင့် အားကစား လေ့ကျင့်ခန်းလုပ်ဆောင်နိုင်သည့် နေရာတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်သည် နိုင်ငံတော်၏ မြို့တော်ဖြစ်ပြီး အစိုးရရုံး စိုက်ရာ မြို့တော်ဖြစ်သည်နှင့် အညီ သန့်ရှင်းသာယာသပ်ရပ်မှုတွင် စံပြဖြစ်နေရမည် ဖြစ်ကြောင်း၊ အများပြည်သူအပန်းဖြေ သည့်နေရာဖြစ်သည့်အတွက် ပြည်သူများ စိတ်လက်အေးချမ်းသာယာစွာဖြင့် အနားယူ အပန်းဖြေနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ပြင် မကြာမီအချိန် အတွင်း မိုးရာသီကာလသို့ ရောက်ရှိတော့မည်ဖြစ်သဖြင့် မြို့တော်အတွင်း လမ်းများ၊ လူနေ ရပ်ကွက်များအတွင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် အမှိုက်များကင်းစင်ကာ သန့်ရှင်း သာယာမှုရှိစေရေး ယခုကတည်းက ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားပြီး အခြားလိုအပ်သည့် အခြေအနေများကို တာဝန်ရှိသူများအား မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ရာဇဌာနီ လမ်း၊ ကုက္ကိုတန်းရှေ့ အလှမြက်ခင်းစိုက်ပျိုးရန် မြေနေရာပြုပြင် နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ နေပြည်တော်မြို့တော်ဝန်၊ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူ များက ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်း တင်ပြမှုများအပေါ် ကောင်စီဥက္ကဋ္ဌက မြို့တော် အင်္ဂါရပ်နှင့် ကိုက်ညီမှုရှိရန်၊ အချိန်မီပြီးစီးရန်နှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
ပြည်ထောင်စုနယ်မြေနေပြည်တော်သည် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်၏ အစိုးရရုံးစိုက်ရာ မြို့တော်ဖြစ်ပြီး မြို့နယ်ပေါင်း ၈ မြို့နယ်ဖြင့် ဖွဲ့စည်း တည်ဆောက်ထားကာ မြို့ပြ၊ ကျေးလက် လူဦးရေ စုစုပေါင်း ၁ ဒသမ ၁ သန်း ခန့် နေထိုင်ကြောင်း၊ ယခုတိုးချဲ့ တည်ဆောက်မည့် မင်္ဂလာကန်တော် အမှတ်(၁)ပတ် လမ်းသည် အရှည် ပေ ၄၉၆၀ ရှိပြီး အကျယ် ၈ ပေနှင့် ကန်တော်ပတ်လမ်း အမှတ် (၂) သည် အရှည် ၁၁၆၆၀ ရှိကြောင်း၊ ယခုအခါ အဆိုပါကန်ပတ်လမ်းကို ဝဲ၊ယာ ၂ ပေစီ ထပ်မံတိုးချဲ့ တည်ဆောက် သွားမည်ဖြစ်ပြီး ၁၂ ပေ အကျယ် ကွန်ကရစ်လမ်း သစ်များ ဆက်လက် တည်ဆောက်သွားမည် ဖြစ်ကြောင်းနှင့် ရာဇဌာနီလမ်း ကက္ကိုတန်းရှေ့ အလှမြက်ခင်း စိုက်ရန် ပြုပြင်မည့် မြေနေရာသည် အရှည်ပေ ၄၆၀၀ ခန့် ရှိကြောင်း သိရှိရသည်။
(သတင်းစဉ်)