Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များနှင့် တွေ့ဆုံ

မကွေး မေ ၂၈

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးအောင်နိုင်ဦးသည် မကွေးတိုင်းဒေသကြီး၊  စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များကို  ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီးအတွင်းရှိ ကုန်ထုတ်လုပ်မှု လုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်ရေးနှင့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှုကဏ္ဍ၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ၊ အချိန်တိုတိုအတွင်း ရလဒ်ကောင်းများရရှိမည့် လုပ်ငန်းများကို ဦးစားပေး လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်သည့် တင်ပြလျှောက်ထားမှုများကို ဥပဒေ ပြဋ္ဌာန်းချက်ပါ သတ်မှတ်ကာလအတွင်း ပြီးပြတ်အောင် စိစစ်ဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ/ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌက တိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ ရှေ့ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးရန် ကိစ္စများကိုလည်းကောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ရုံးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မင်းလှ ကျင်းကျေးရွာ အုပ်စုရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းဖြစ်သော GEP (Myanmar)  Co.,Ltd ၏ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားထုတ်လုပ်မှု လုပ်ငန်းသို့ ရောက်ရှိပြီး စီမံကိန်းဆိုင်ရာ ကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းကာ ကုမ္ပဏီက တင်ပြသည့် အခက်အခဲများကို ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကန်ရေကျေးရွာအုပ်စုရှိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဖြစ်သော Kyaw and Than Co.,Ltd ၏ မန်းသီတာ (MTT) ကွန်ကရစ် ကျောက်တိုင်ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်နေမှု လုပ်ငန်းအခြေအနေများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဖြေရှင်းပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)