Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအကြို လက်ရည်ဆန်းစစ်မြားပစ် ပြိုင်ပွဲ တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော် မေ ၂၈

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ၌ စခန်းသွင်း လေ့ကျင့်လျက်ရှိသော မြားပစ်အားကစားနည်း ပြိုင်ပွဲအကြို လက်ရည် ဆန်းစစ်ပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲစဉ်များနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ (၃)နာရီတွင် ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယ ပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ မြန်မာနိုင်ငံ မြားပစ် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇေသီဟ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မြားပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဗိုလ်လုပွဲစဉ်အဖြစ် Compound Individual တစ်ဦးချင်းပြိုင်ပွဲနှင့် Mix Team နှစ်ယောက်တွဲ ပြိုင်ပွဲများ၊ Recurve Individual တစ်ဦးချင်း နှင့် Mix Team နှစ်ယောက် တွဲပြိုင်ပွဲများ ကျင်းပခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် ဆုများချီးမြှင့်ရာ ပြိုင်ပွဲတစ်လျှောက် အတိုးတက်ဆုံးအားကစားသမား ဆုရရှိသော စိုင်းထွန်းအောင်ကို မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးတောက်ထွန်း က တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး အားကစားသမားဆုရရှိသော ထိုက်လင်းဦး ကို မြန်မာနိုင်ငံမြားပစ် အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ Recurve Individual တစ်ဦးချင်းပြိုင်ပွဲတွင် ဆုရရှိကြသူများကို မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇေသီဟနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းတို့က တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ Compound Individual တစ်ဦးချင်းပြိုင်ပွဲတွင် ဆုရရှိသူများကို ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး က တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကို လည်းကောင်း၊ Recurve Mix Team နှစ်ယောက် တွဲပြိုင်ပွဲတွင် ဆုရရှိသူများကို ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က တစ်ဦးချင်း ဆု တံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ Compound Mix Team နှစ်ယောက်တွဲပြိုင်ပွဲတွင် ဆုရရှိသူများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်က တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း အသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)