နေပြည်တော် မေ ၂၇
အာဆီယံအဖွဲ့ဝင်နိုင်ငံများက အိမ်ရှင်အဖြစ် အလှည့်ကျလက်ခံကျင်းပလျက်ရှိသည့် (၁၆) ကြိမ်မြောက် ASEAN Working Group on CITES and Wildlife Enforcement အစည်းအဝေးနှင့် “အာဆီယံနိုင်ငံများအကြား တောရိုင်းတိရစ္ဆာန်များ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လမ်းညွှန်စာအုပ် (ASEAN Handbook) ပြုစုခြင်း ဒုတိယအကြိမ် အစည်းအဝေး (2nd ASEAN Technical Meeting on Development of ASEAN Handbook on Legal Cooperation to Combat Illegal Wildlife Trade)" များကို မေ ၂၆၊ ၂၇ ရက်တို့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည်။
ဆွေးနွေးပြောကြား
အစည်းအဝေးတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာညီညီကျော်က မြန်မာနိုင်ငံတွင် တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်နိုင်ရေး ဥပဒေအသစ်ပြဋ္ဌာန်းခဲ့မှု၊ တောရိုင်း တိရစ္ဆာန် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး နိုင်ငံအဆင့်လုပ်ငန်း စီမံချက်ရေးဆွဲထားမှု၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းများတွင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်လာစေရေး လုပ်ဆောင်နေမှုများ၊ ဆက်စပ်ဌာနအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများနှင့် အာဆီယံဒေသတွင်း နိုင်ငံများအကြား ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင် ရေးတို့ကို ဆွေးနွေးပြောကြားသည်။
ယင်းနောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများက နိုင်ငံအလိုက် တောရိုင်း တိရစ္ဆာန် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့် ဥပဒေစိုးမိုးရေး ဆိုင်ရာ ဆောင်ရွက်နေမှုများ၊ CITES အတွင်းရေးမှူးရုံးနှင့် အာဆီယံ ဇီဝမျိုးစုံမျိုးကွဲဗဟိုဌာနအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများက တောရိုင်းတိရစ္ဆာန်များ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြကြသည်။
အဆိုပါ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ သစ်တောဦးစီးဌာနမှ ကိုယ်စားလှယ်များ၊ နိုင်ငံအဆင့် တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ တရားမဝင် ရောင်းဝယ် မှုများကို ဥပဒေအရ ထိရောက်စွာ အရေးယူတားဆီးရေးလုပ်ငန်း အဖွဲ့ဝင်များ၊ CITES အတွင်းရေးမှူးရုံး၊ အာဆီယံဇီဝမျိုးစုံမျိုးကွဲဗဟိုဌာန (ASEAN Centre for Biodiversity) နှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၁၆ ဦး အွန်လိုင်းစနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်