နေပြည်တော် မေ ၂၇
(၂၂) ကြိမ်မြောက် အာဆီယံပြန်ကြားရေးဆပ်ကော်မတီအစည်းအဝေး (22nd ASEAN Sub-Committee Meeting on Information, 22nd scI Meeting) ကို ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် Video Conferencing စနစ်ဖြင့်ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံ နှင့်ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ဆွေးနွေးကြသည်။
အစည်းအဝေးသို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ပြန်ကြားရေး ကဏ္ဍဆိုင်ရာ ညွှန်ကြားရေးမှူး ချုပ်အဆင့်ရှိ တာဝန်ရှိသူများ၊ အာဆီယံပြန်ကြားရေး ဆပ်ကော်မတီ (SCI) အလှည့်ကျ သဘာပတိဖြစ်သည့် အိမ်ရှင် ထိုင်းနိုင်ငံမှ ဌာနဆိုင်ရာအကြီး အကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် အာဆီယံ ပြန်ကြားရေးကဏ္ဍဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များအတွက် အာဆီယံ ယဉ်ကျေးမှုရန်ပုံငွေ ဘတ်ဂျက် လျာထားခြင်း၊ ပြန်ကြားရေးကဏ္ဍဆိုင်ရာ စီမံကိန်းများနှင့်စပ်လျဉ်း သည့်ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများအား ဆွေးနွေးညှိနှိုင်းခြင်း၊ စီမံကိန်းအသစ် ဆောင်ရွက်လို သည့်နိုင်ငံများက အဆိုပြုစီမံ ကိန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း၊ နောက်တစ်ကြိမ် Sci Meeting အလှည့်ကျကျင်းပမည့်နိုင်ငံ ရွေးချယ်အတည်ပြုခြင်းတို့အား အဓိကထား၍ ဆွေးနွေး ကြသည်။
အာဆီယံပြန်ကြားရေး ဆပ်ကော်မတီ အစည်းအဝေးအား အာဆီယံဒေသတွင်း သတင်း ပြန်ကြားရေးဆိုင်ရာ လုပ်ငန်းများမှတစ်ဆင့် အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန်နားလည်မှု နှင့်ယုံကြည်မှုတိုးပွားခိုင်မာလာစေရေး၊ အာဆီယံစီမံကိန်းများအား အကောင်အထည်ဖော် ဆောင် ရွက်ကြရေးတို့အတွက် အဓိက ရည်ရွယ် ကျင်းပခြင်းဖြစ်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ အလှည့်ကျ သဘာပတိအဖြစ် ဆောင်ရွက်ကြသည်။
ယနေ့ အစည်းအဝေးတွင် ၂၀၂၂ ခုနှစ်၌ ကျင်းပမည့် 10th ASEAN Quiz (National Level) နိုင်ငံအဆင့် ပြိုင်ပွဲနှင့် 10th ASEAN Quiz (Regional Level) ဒေသတွင်းနိုင်ငံများအဆင့်တို့ကို မြန်မာနိုင်ငံက တာဝန်ယူပြီး ဦးဆောင်ကျင်းပနိုင်ရန်အတွက် စီမံကိန်း အဆိုပြုချက်ကို ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။
(၂၃)ကြိမ်မြောက် အာဆီယံ ပြန်ကြားရေးဆပ်ကော်မတီ အစည်းအဝေးကို ၂၀၂၂ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်