Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရှမ်းပြည်နယ်တောင်ပိုင်း ရွှေညောင်၊ ဟဲဟိုး၊ အောင်ပန်းမြို့များ၌ ကျောင်းအပ်နှံနေမှု ကြည့်ရှုအားပေး

နေပြည်တော်  မေ ၂၇

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဦးဇော်ဝင်း နှင့်အတူ ယနေ့နံနက် ၈ နာရီခွဲတွင်  ရွှေညောင်မြို့ အခြေခံပညာအထက်တန်ကျောင်းသို့ သွားရောက်၍ ကျောင်းအပ်နှံနေသည့် ကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ တာဝန် ထမ်းဆောင်နေကြသည့် ဆရာ ဆရာမများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး က ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသား ကျောင်းသူများ အန္တရာယ်ကင်းရှင်း၍ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေး စီစဉ် ဆောင်ရွက်ထားပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးအတွက် နိုင်ငံတော် အပေါ် သစ္စာရှိရှိ တာဝန်ကျေပွန်စွာ ဆောင်ရွက်နေကြသည့် ဆရာ ဆရာမများအားလုံးကို ကျေးဇူး တင်ဂုဏ်ယူပါကြောင်း၊ ဇွန် ၁ ရက် ကျောင်းဖွင့်သည်နှင့် ကျောင်းသား ကျောင်းသူများကို  နိုင်ငံတော် က အားထားရသည့် ပညာတတ် လူတော်လူကောင်းများဖြစ်အောင် စေတနာထား ပြုစုပျိုးထောင် ပေးကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်  ကျောင်းအတွင်းလှည့်လည်ကြည့်ရှု စစ်ဆေးကာ  အန္တရာယ်ရှိ ကျောင်းဆောင်များဖျက်သိမ်းရန်၊ သင်ယူမှုဝန်းကျင်ကောင်းဖြစ်စေရေးအတွက် ဟောင်းနွမ်းနေ သောနံရံများ၊ စာသင်ခန်းများကို ဆေးသုတ်ရန်နှင့် ပျက်စီးနေသော အဆောက်အအုံများ၊ စာသင်ခန်းများ ပြန်လည်ပြင်ဆင် မွမ်းမံပေးမည်ဖြစ်ကြောင်း မှာကြားသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ဟဲဟိုးမြို့ အမှတ်(၄)  အခြေခံပညာအထက်တန်း ကျောင်း၊ အောင်ပန်းမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းအပ်နှံနေမှုများ ကြည့်ရှုအားပေးကာ ကျောင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး  ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ သန့်ရှင်သာယာရေး၊ ကျောင်းဉပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းစာကြည့်တိုက်များတွင် ကျောင်းသား ကျောင်းသူများအတွက် လိမ္မာရေးခြားရှိ၍ ဉာဏ်ပညာ ဗဟုသုတ များတိုးပွားစေမည့် စာအုပ်စာစောင်များဖြည့်ဆည်းပေးရေး၊ ကျောင်းအတွက် လိုအပ်သော ရေစင်၊ ရေသန့်စက်နှင့် ခန်းမဆောင်၊ ဝန်ထမ်းအိမ်ရာ စသည်များ ဖြည့်ဆည်းပေးနိုင်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)