နေပြည်တော် မေ ၂၇
ဝါစိုက်ပျိုးရန် မြေပြုပြင်ခြင်း၊ မျိုးစေ့ချခြင်း၊ ဆေးဖြန်းခြင်းလုပ်ငန်းများတွင် နည်းပညာသစ် စက်ကိရိယာများ အသုံးပြုဆောင်ရွက်မှုအား စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှု ကွင်းသရုပ်ပြပွဲကို မေ(၂၄)ရက်က မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ဝါသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (ရွှေတောင်ခြံ)၌ ကျင်းပရာ မိတ္ထီလာ စက်မှုလယ်ယာ ဗဟိုသင်တန်းကျောင်းမှ နည်းပညာသစ် လယ်ယာသုံးစက်ကိရိယာများ ကိုင်တွယ်ထိန်းသိမ်းမှု သင်တန်း တက်ရောက်လျက်ရှိသည့် သင်တန်းသားများ၊ မိတ္ထီလာ၊ ကျောက်ဆည်၊ ပြင်ဦးလွင် မြို့နယ်များမှ လယ်ယာဝန်ဆောင်မှုအသင်းဝင်တောင်သူများ တက်ရောက် လေ့လာခဲ့ကြသည်။
ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့်ကို ယခင်ထွန်စက်များနှင့် တွဲဖက်အသုံးပြုခဲ့သော သမာရိုးကျစက်ကိရိယာများထက် ပိုမိုသာလွန်ကောင်းမွန်သော စွမ်းအားမြှင့်သော နည်းပညာသစ် စက်ကိရိယာများ အသုံးပြုခဲ့သည်။ မြေပြုပြင်လုပ်ငန်းများလက်တွေ့ ဆောင်ရွက်မှုများကို နည်းပညာသစ်လယ်ယာသုံး စက်ကိရိယာများဖြစ်သော မြေခွဲကိရိယာ၊ ဟိုက်ဒရောလစ်စနစ်သုံး ဘယ်ပြန်၊ ညာပြန်ထယ်ထိုးနိုင်သော သုံးသွားသိပ္ပံထယ်ကိရိယာ၊ အင်ဂျင်ပါဝါသုံးဒေါင်လိုက် ဓါးစက်ထွန်ကိရိယာများဖြင့် လက်တွေ့သရုပ်ပြသည်။
ဝါနှင့်လျှော်မျှင်ထွက် သီးနှံဌာနခွဲ ဝါသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (ရွှေတောင်ခြံ)တွင် မျိုးသန့်အဆင့်အလိုက် မျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ သုတေသနလုပ်ငန်းများနှင့် သုတေသနတွေ့ရှိချက်အပေါ် တောင်သူနှင့်ဌာနဆိုင်ရာ ဝန်ထမ်းများအား ဆွေးနွေးပွဲနှင့် သင်တန်း များ ဆွေးနွေးပို့ချပေးခြင်း၊ နည်းပညာဖြန့်ဝေခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ ဝါသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (ရွှေတောင်ခြံ)မှ ဝါမျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ခဲ့ ရာတွင် ငွေချည်(၆)၊ ငွေချည်(၉)၊ ငွေချည်(၁၁)၊ ရွှေတောင်(၈)နှင့် ရွှေတောင်(၁၀) မျိုးများမှာ တောင်သူစိတ်ကြိုက်မျိုးများအဖြစ် အထူးထင်ရှားလျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စစ်ကိုင်း၊ ပဲခူး၊ မကွေးနှင့် မန္တလေးတိုင်းဒေသကြီးများရှိ ဝါစိုက်တောင်သူများထံသို့ ဝါမျိုးစေ့ ပိဿာချိန်စုစုပေါင်း တစ်သောင်းရှစ်ထောင်ကျော် ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။
ညီညီသန်း(နေပြည်တော်)