Skip to main content

၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုများ ဆက်လက်ဆောင်ရွက်

 

နေပြည်တော် မေ ၂၆

 

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံမှုလက်ခံခြင်းများကို မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံ ပညာကျောင်းများ၌ မေ ၂၄ ရက်နံနက်ပိုင်းမှ စတင်၍ နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများရှိ ကျောင်းများအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ အလိုက် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှု တာဝန်ခံများနှင့် ဆရာ ဆရာမများက ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူ များနှင့် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ အပ်နှံ နိုင်ရေးဆောင်ရွက်ပေးကြသည်။ ကျောင်းနှင့် ကျောင်းသား ကျောင်းသူ များ လုံခြုံရေးအတွက်ကိုလည်း သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူ များနှင့် တာဝန်သိပြည်သူများက ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိ သည်။ ။

အဆိုပါကျောင်းများလာရောက်အပ်နှံစဉ် ကျောင်းသား ကျောင်းသူ များအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့် စာရေးကိရိယာများ၊ ကျောင်းသုံးစာအုပ်များနှင့် ကိုဗစ်-၁၉ ကာကွယ် ရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများကိုလည်း တစ်ပါတည်း ထောက်ပံ့ပေးအပ်သည်။

 

ထို့အပြင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ကုသမှုကာလအတွင်း Qurantine ဆောင်များအဖြစ်အသုံးပြုခဲ့သော စာသင်ဆောင်များကို လည်း နယ်မြေခံတပ်ရင်းမှ တပ်မတော်သားများက လိုအပ်သည့် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်