နေပြည်တော် မေ ၂၅
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မေ ၂၄ ရက် နံနက် ၁၁ နာရီတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ၊ ရန်အောင်မြေရပ်ကွက်၊ ပါလျန်-၂ ခရစ်တော်၏ သက်သေခံလူငယ် ဖွံ့ဖြိုးရေးပရဟိတဂေဟာ မိဘမဲ့ကလေးကျောင်း၌ကျင်းပသည့် မိဘမဲ့ကလေး များ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပေးအပ်ပွဲသို့တက်ရောက် အားပေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက မိဘမဲ့ဂေဟာ ပရဟိတကျောင်း၊ ကျောင်းအုပ်ကြီးနှင့် ကလေးငယ်များကို အိမ်ထောင်စုလူဦးရေစာရင်း(၁)စုနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား(၄၃) ကတ်ကို ပေးအပ်ကြပြီး ကျောင်းအုပ်ကြီး ဦးဂျန်မော်နောင်က ကျေးဇူးတင် ဝမ်းမြောက်စကား ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာ အုပ်စု ၊ ဟိုရမ်းကျေးရွာရုံးခန်းမ၌ ကျင်းပသည့် ဒေသခံပြည်သူများအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားပေးအပ်ပွဲသို့ တက်ရောက်အားပေးသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ၌ နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိဘဲ မဲစာရင်းတွင် ပါဝင်သူ (၄ ဒသမ ၈)သန်းခန့် ရှိပါကြောင်း၊ ယင်းစာရင်းများတွင် နိုင်ငံသား မဟုတ်သူများလည်း ပါရှိနိုင်ပြီး အသက်(၁၈) နှစ် မပြည့်သေးသူများ၊ မဲ့ပေးပိုင်ခွင့်မရှိသူများ ပါဝင်နိုင်ကြောင်း စိစစ်တွေ့ရှိရပါကြောင်း၊ နောင်ကျင်းပ မည့် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် ရှိသူတိုင်း နိုင်ငံသား စိစစ်ရေး ကတ်ပြားဖြင့် မဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်းပင် ဖြစ်ပါကြောင်း၊ သို့မှသာ တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပ၍ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံကို ထူထောင်နိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိသည့် မြန်မာနိုင်ငံသားများသည် နိုင်ငံသားအခွင့်အရေးကို အပြည့်အဝရရှိခံစား နိုင်မည်ဖြစ်ပြီး နိုင်ငံသားတစ်ယောက်၏ တာဝန်နှင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိရန် လိုအပ် မည်ဖြစ်ပါကြောင်း၊ ရရှိသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားကိုလည်း ပျက်စီး/ပျောက်ဆုံးမှု မရှိ စေရေးအတွက် စနစ်တကျကိုင်တွယ် ထိန်းသိမ်းကြရန် လိုအပ်မည်ဖြစ်ပါကြောင်းဖြင့် ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပေးအပ်ရာ မိုင်းကိုးကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုင်းပင်း နှင့်ဒေသခံပြည်သူများက လက်ခံ ရယူကြပြီး ကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးစိုးမြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါအခမ်းအနားတွင် မိုင်းကိုးကျေးရွာအုပ်စုမှ ကျေးရွာအသီးသီးရှိ ရှမ်း၊ ပလောင်၊ လားဟူ၊ အာခါ စသည့်တိုင်းရင်းသားများအား အိမ်ထောင်စုလူဦးရေစာရင်း (၃၆)စုနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား (၁၂၉)ကတ်ကို ထုတ်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် တာချီလိတ်မြို့၊ မြန်မာ-ထိုင်းနယ်စပ်ရှိ အမှတ် (၁)ချစ်ကြည်ရေး တံတားသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တာချီလိတ်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တာချီလိတ် ခရိုင်ဦးစီးမှူးရုံး၌ အလုပ်သမားရေးရာဆိုင်ရာနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ခရိုင်နှင့်မြို့နယ်ရုံးများမှ ဝန်ထမ်းများ၊ နယ်စပ်ဒေသ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံ၍ လုပ်ငန်းပိုင်းဆိုင်ရာများ မှာကြားကာ ဝန်ထမ်း များ၏ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် တာချီလိတ်မြို့၊ နဂါးနှစ်ကောင် ပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ နိုင်ငံတော်သြဝါဒစရိယ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ မဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဘိဓဇ မဟာရဌဂုရု၊ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ရ နဂါးနှစ်ကောင်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဓမ္မသီရိအား ဖူးမြော် ကြည်ညိုကာ သာသနာရေးဆိုင်ရာများ လျှောက်ထား၍ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)