နေပြည်တော် မေ ၂၅
ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ယနေ့မွန်းလွဲပိုင်းတွင် မိုးဗြဲရဲကင်းစခန်း နေရာအား သွားရောက်ကြည့်ရှု စစ်ဆေး ကာ နယ်မြေခံတပ်ရင်းဌာနချုပ်တွင် မိုးဗြဲရဲကင်းစခန်း၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ပူးတွဲတာဝန်ထမ်း ဆောင်ခဲ့သော တပ်မတော်သားများ၏ မိသားစုဝင်များနှင့်တွေ့ဆုံပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ချီးမြှင့် ထောက်ပံ့ငွေနှင့် ပြည်ထဲရေးဝန်ကြီးဌာန၏ ထောက်ပံ့ငွေများအား တစ်ဦးချင်း ချီးမြှင့်ပေးအပ် သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဖယ်ခုံတပ်နယ်ရှိ နယ်မြေခံ တပ်ရင်းစုပေါင်း ခန်းမတွင် မိုးဗြဲ ရဲကင်းစခန်း၌ တာဝန် ထမ်းဆောင်ခဲ့သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များ၏မိဘ များ၊ ဇနီး၊ သားသမီး၊ မိသားစု များနှင့်တွေ့ဆုံကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ချီးမြှင့် ထောက်ပံ့ငွေများနှင့် ပြည်ထဲရေး ဝန်ကြီးဌာန၏ ထောက်ပံ့ငွေများအား မိသားစုဝင်တစ်ဦးချင်း လက်ဝယ်သို့ ထောက်ပံ့ ချီးမြှင့်ပေးအပ်ကာ နှစ်သိမ့် အားပေးစကားပြောကြား၍ မိသားစုများ၏ အခက်အခဲများအား ဖြေရှင်း ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဖယ်ခုံမြို့မရဲစခန်းသို့ သွားရောက်ကာ ရဲစခန်း လုံခြုံရေးဆောင်ရွက် ထားရှိမှု အခြေအနေများအား အသေးစိတ်ကြည့်ရှု့စစ်ဆေး၍ တပ်ဖွဲ့ဝင် နှင့် မိသားစုများအတွက် ထောက်ပံ့ ငွေများ ချီးမြှင့်ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လွိုင်ကော်အကျဉ်းထောင်သို့ သွားရောက် ကြည့်ရှုစစ်ဆေးကာ အကျဉ်းသား များ၏ ကျန်းမာရေးကိစ္စရပ်များ၊ အကျဉ်းသားများ နေရာ ချထားမှုအခြေအနေနှင့် ချက်ပြုတ်ကျွေးမွေးမှု ကိစ္စရပ် များကို ကြည့်ရှုစစ်ဆေး ကာ လိုအပ်ချက်များကို မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)