နေပြည်တော် မေ ၂၅
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် ဒုတိယဝန်ကြီး ဦးသန့်စင်နှင့် အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ အထက်ပေါင်းလောင်းရေအား လျှပ်စစ် ဓာတ်အားပေးစက်ရုံ၊ နန်ချို ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် အလယ်ပေါင်းလောင်းရေအား လျှပ်စစ် စီမံကိန်း တို့ကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အထက်ပေါင်းလောင်းရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် နန်ချိုရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတို့သို့ ရောက်ရှိ ရာ စက်ရုံမှူးများက နှစ်အလိုက် ရေဝင်ရောက်မှု၊ ရေသို လှောင်ထားရှိမှုနှင့် ဓာတ်အား ထုတ်လုပ်မှု၊ ဓာတ်အားပေးစက်ကြီးများ ပြုပြင်မွမ်းမံထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်မှု များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဓာတ်အားပေးစက်ရုံများအတွင်းရှိ ဓာတ်အားထိန်းချုပ်ခန်းများနှင့် တာဘိုင်စက်ခန်းများအတွင်း ဓာတ်အားမောင်းနှင်ထုတ်လုပ်နေမှု၊ ရေလှောင်တမံများ အတွင်း ရေဝင်ရောက်မှုနှင့် ရေသိုလှောင်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အလယ်ပေါင်းလောင်းရေအား လျှပ်စစ်စီမံကိန်းသို့ရောက်ရှိရာ စီမံကိန်းရှင်းလင်းဆောင်၌ တည်ဆောက်ရေး ညွှန်ကြား ရေးမှူး ဦးဇော်မင်းစံနှင့် ရေအား လျှပ်စစ်အကောင် အထည်ဖော်ရေးဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ် ဦးဟိန်းထက်တို့က လုပ်ငန်းများဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဖြစ်ပေါ် လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကာကွယ်နိုင်ရန်အတွက် စဉ်ဆက် မပြတ် စောင့်ကြပ်ကြည့်ရှုစစ်ဆေး ဆောင်ရွက်သွားကြရန် မှာကြားပြီး စီမံကိန်းဧရိယာ အတွင်း ပင်မတမံ တည်ဆောက် နေမှုအခြေအနေ၊ ရေလွှဲစနစ်လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် မြေကြီး/ကျောက် သား တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
အလယ်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းသည် နေပြည်တော် ပျဉ်းမနားမြို့၏ အရှေ့မြောက်ဘက် မိုင်(၂၀)ခန့်အကွာ ပေါင်းလောင်းမြစ်ပေါ်တွင် RCC ကွန်ကရစ် ရေလှောင်တမံတည်ဆောက်ပြီး စက်တပ်ဆင် အင်အား (၇၆)မဂ္ဂါဝပ်ရှိ စက်နှစ်လုံးဖြင့် စုစုပေါင်းစက်တပ်ဆင်အင်အား(၁၅၂)မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်ရုံ တပ်ဆင်တည် ဆောက်ကာ နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၅၃၀ ဒသမ ၄ သန်း ထုတ်လုပ်ပြီး နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး ရည်ရွယ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် စတင်ဓာတ်အားထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)