Skip to main content

ဓာတုစယဓာတ်ပေါင်းစုစေတီတော်မြတ်ကြီး (၁၁)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်းနှင့် အကြိမ် (၄၀)မြောက် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် - မေ ၂၅

နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ ဓာတုစယဓာတ်ပေါင်းစုစေတီ တော်မြတ်ကြီး ပရဝုဏ်အတွင်း အရှေ့အရပ်ရှိ မဟာဗောဓိညောင်ပင်တော်အား (၁၁)ကြိမ် မြောက် ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားနှင့် အကြိမ် (၄၀)မြောက် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စေတီတော်မြတ်ကြီး ပရဝုဏ်အတွင်း၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာ မောင်မောင် နိုင်၊ နေပြည်တော် စည်ပင် သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနကြီမှူးများနှင့် ဌာနမှူးများ၊ အလှူရှင်များ ဧည့်ပရိသတ်များ တက်ရောက်ကြည်ညိုကြသည်။ 

ရှေးဦးစွာ မဟာဗောဓိညောင်ပင်တော်အား (၁၁)ကြိမ်မြောက် ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ခြင်း မင်္ဂလာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး အခမ်းအနားမှူးက ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ရန် ပန်ကြားသည့် မဟာဗောဓိရုက္ခေါဒကသိဉ္ဇန ဉံယျောဇနဂါထာကို ဖတ်ကြား ပူဇော်သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊  အမြဲတမ်းအတွင်းဝန်၊ ဌာနကြီမှူးများ၊ ဌာနမှူးများနှင့် အလှူရှင်များ၊ ဧည့်ပရိတ်သတ်များက ကဆုန်ညောင်ရေအား သွန်းလောင်းပူဇော်ကြသည်။

ယင်းနောက် စေတီတော်မြတ်ကြီးပရဝုဏ်အတွင်းရှိ မဟာမြတ်မုနိရုပ်ရှင်တော် မြတ်၊ ဂန္ဓကုဋိကျောင်းဆောင်၊ အဘိသန္နဗိမာန်တော်၌ အကြိမ် (၄၀)မြောက် အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနား ဆက်လက်ကျင်းပရာ မဟာဝိဇိတာရုံကျောင်းတိုက်ကြီး၏ မဟာနာယကဆရာတော် ဘဒ္ဒန္တကေသရိန္ဒ အရှင် သူမြတ်ထံမှ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါး သီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်၊ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက အခမ်းအနား သို့ကြွရောက်တော်မှုကြသော ဆရာတော်အရှင်သူမြတ် များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး မဟာဝိဇိတာရုံ ကျောင်းတိုက် ကြီး၏ မဟာနာယကဆရာတော် ဘဒ္ဒန္တကေသရိန္ဒ အရှင်သူမြတ်ထံမှ အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)