Skip to main content

ထူးမြတ်သည့် ကဆုန်လပြည့် မြတ်ဗုဒ္ဓနေ့

 

လတကာတို့တွင် ကဆုန်လကို မွန်မြတ်သောလဟု ယူဆထားကြသည်။ အကြောင်းကား ဗုဒ္ဓ ရှင်တော်မြတ်ဘုရားသည် ကဆုန်လမှာပင် (၁) ဖွားမြင်တော်မူခဲ့သည်။ (၂) ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့သည်။ (၃) ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်အပေါင်း တို့သည် ကဆုန်လကို လတကာလတို့ထက် အလေးအနက်ပြုကြလျက် လေးစားရိုကျိုး မြတ်နိုးကြ သည်။

အလောင်းတော် သိဒ္ဓတ္ထမင်းသားသည် မဟာသက္ကရာဇ် ခြောက်ဆယ့်ရှစ်ကြုံ ကဆုန်လပြည့် သောကြာနေ့ဝယ် ချမ်းမြေ့စုံညီ၊ လုမ္ဗိနီ၌ မဟီလှိုက်ဆူ ဖွားတော်မူ ခဲ့သည်။ သိဒ္ဓတ္ထမင်းသားသည် ကပိလဝတ်ပြည်ကြီးရှင် ဘုရင်သုဒ္ဓေါဒနနှင့် မဟာ မာယာဒေဝီတို့၏ သားမြတ်ရတနာဖြစ်သည်။ သို့ဖြင့် ဗုဒ္ဓကို မဟာပုရိသ - မဟာ လူသားအဖြစ် လေးလေးနက်နက် မှတ်သားသင့်သည်။ သို့မှလည်း ဗုဒ္ဓတရားသည် သာမန်လူသားတို့နှင့်ပတ်သက်မည်။ စင်စစ် ဗုဒ္ဓသည် သာမန်လူသား တို့အတွက် ဖြစ်သည်။ ထို့ကြောင့် တရားတော်များကို သာမန်လူသားတို့အတွက် လူအများ နားလည်သောစကားဖြင့် ဟောကြားသည်။

ကပိလဝတ်ပြည်မှာ သက္ကတိုင်း၏ မြို့တော်ဖြစ်သည်။ ကပိလဝတ္ထုကို မြန်မာတို့က ကပိလဝတ် ဟုခေါ်သည်။ ကပိလဝတ္ထုဟူသည်မှာ ကပိလရသေ့ကြီး၏ ကျောင်းသင်္ခမ်းနေရာဖြစ်သည်။ ယင်း နေရာ၌ တည်သောမြို့ဖြစ်၍ ကပိလဝတ္ထုဟု အမည်တွင်သည်။ လုမ္ဗိနီမှာ ဗုဒ္ဓဘာသာဝင်တို့ အလွန်လေးစားရာ သတိသံဝေဂယူရာ သံဝေဇနိယဌာနဖြစ်သည်။ ယင်းနေရာသည် နီပေါနယ်တွင် ရှိသည်။ အလောင်းတော်သိဒ္ဓတ္ထသည် ဤလုမ္ဗိနီတွင်ဖွားတော်မူခဲ့သည်။ ဘုရားလောင်း သိဒ္ဓတ္ထမင်းသားသည် လုမ္ဗိနီဥယျာဉ်တွင် ဖွားမြင်တော်မူပြီး သက်တော် ၁၆ နှစ်အရွယ်တွင် သုံးသွယ် ရွှေနန်းကို ၁၃ နှစ်စံတော်မူခဲ့သည်။

သက်တော် ၂၉ နှစ်အရွယ်ရောက်သောအခါ လေးမျိုးနိမိတ် နတ်ပြဟိတ်ကြောင့် ရွှေစိတ်တော်ပြိုငြင် သံဝေဂရကာ ဝါဆိုလပြည့်ကျားမင်းနေ့ဝယ် တောထွက်တော် မူခဲ့သည်။ တောရပ်မြိုင်တွင် ခြောက်နှစ်ကြာ တရားအားထုတ်တော်မူပြီးနောက် ကဆုန်လပြည့် ဆင်မင်းနေ့ဝယ် သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူပြီး အတုမရှိ ဘုရားရှင်အဖြစ်သို့ ရောက်တော် မူခဲ့သည်။ ဤတွင် မြတ်စွာဘုရားရှင်က ဤသည်ကား ဒုက္ခတည်း။ ဤသည်ကား ဒုက္ခဖြစ်ခြင်း အကြောင်းတည်း။ ဤသည်ကား ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာတည်း။ ဤသည်ကား ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာသို့ရောက်ကြောင်း အကျင့်တည်းဟု သိမြင်ခြင်းဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဟူသော အမည်ကို ခံတော်မူလေသည်။

သိဒ္ဓတ္ထမင်းသားသည် ယင်းသို့လျှင် အမှန်တရားကို သိမြင်တော်မူ၍ ဗုဒ္ဓ အဖြစ်သို့ ရောက်တော် မူသောအခါ လွန်စွာအားရရွှင်လန်းတော်မူပြီး “အဖန်ဖန် ဇာတိဖြစ်ရခြင်းသည် ဆင်းရဲလှ၏။ ထို့ကြောင့် ငါသည် ခန္ဓာအိမ်ဆောက်လုပ်သူကို ရှာဖွေခဲ့သည်။ မတွေ့သဖြင့် ဘဝများစွာ သံသရာမှာ ကျင်လည်နေခဲ့ရသည်။ ဟယ်လက်သမား၊ ယခုအခါ သင့်ကို ငါတွေ့ပြီ။ သင်သည် ခန္ဓာအိမ်ကို နောက်ထပ်

ဆောက်လုပ်ရတော့မည်မဟုတ်။ သင်၏ အခြင်ရနယ်အားလုံးကို ဖျက်ပစ်လိုက်ပြီး အမိုးကို ခွာချလိုက်ပြီ၊ ငါ၏စိတ်သည် ပြုပြင်မှုမရှိရာသို့ ရောက်ပြီ၊ တဏှာမရှိရာသို့ ရောက်ပြီ” ဟု ကျူးရင့် လေသည်။ မြတ်စွာဘုရား ဥဒါန်းကျူးရင့်သောနေရာသည် ဥရုဝေလတော၊ နေရဉ္စရာမြစ်ကမ်းပါး ဗောဓိပင်ရင်း၌ ဖြစ်လေသည်။

မြတ်စွာဘုရားရှင် မာရ်ငါးပါးကို အောင်မြင်တော်မူရာဖြစ်၍ သံဝေဇနိယနှင့် အဝိဇဟိတ နှစ်ဌာနလုံး မှာ အခါခပ်သိမ်း မမေ့အပ်သော ထူးမြတ်သည့် နေရာဌာန ဖြစ်သည်။ ဗုဒ္ဓအဖြစ်သို့ရောက်သောအခါ သုံးမည်ဘုံသိုက် တစ်သောင်းတိုက်ဝယ် ကျွတ်ထိုက်သူ နတ်လူဗြဟ္မာ သတ္တဝါတို့ကို ခေမာသောင်သို့ နိဗ္ဗာန်ဖောင်ကူးတို့ဖြင့် ပို့တော်မူသည်။ မြတ်စွာဘုရားရှင်သည် သက်တော်ရှစ်ဆယ်၊ လေးဆယ့်ငါးဝါ အရောက် သက္ကရာဇ် ၁၄၈ ခုနှစ်၊ ကဆုန်လပြည့် အင်္ဂါနေ့ဝယ် ချမ်းမြေ့နိဗ္ဗူစံ တော်မူလေသည်။

သို့ဖြစ်၍ ကဆုန်လပြည့်နေ့သည် မြတ်စွာဘုရားရှင် ဖြစ်တော်စဉ်အကြောင်း မှန်၏။ ထူးမြတ်သော နေ့တစ်နေ့ဖြစ်၏။ ဗုဒ္ဓဘာသာဝင်တိုင်း အလေးအမြတ်ပြု သိရှိသင့်၏။ ကြည်ညိုသဒ္ဓါပွားများ သင့်၏။ ဆုတ်ကပ်ကာလ ယခုအချိန်အခါတွင် ဝေနေယျအများမှာ ကပ်ဘေး၊ ဒုက္ခဘေးအမျိုးမျိုးတို့ ကျရောက်နေကြသည်ကိုတွေ့ရ မည်ဖြစ်၏။ မြတ်စွာဘုရား လမ်းမှန်ညွှန်ပြခဲ့သော ဒေသနာ တရားနှင့်အညီ ဒုက္ခခပ်သိမ်း အပြီးတိုင်ချုပ်ငြိမ်းရာသို့ ဆန္ဒရှိသူတိုင်း အချိန်မဆိုင်းဘဲ ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်အပ်ပါကြောင်း။