Skip to main content

အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓနေ့

“အဖန်ဖန်ဇာတိဖြစ်ရခြင်းသည် ဆင်းရဲလှ၏။ ထို့ကြောင့် ငါသည် ခန္ဓာအိမ် ဆောက်လုပ်သူကို ရှာဖွေခဲ့သည်။ မတွေ့သဖြင့် ဘဝများစွာ သံသရာမှာ ကျင်လည်နေခဲ့ရသည်။ အသင်လက်သမား၊ ယခုသင့်အား ငါတွေ့ပြီ။ သင်သည် ခန္ဓာအိမ်ကို နောက်ထပ်ဆောက်လုပ်ရတော့မည်မဟုတ်။ သင်၏ ကိလေသာအခြင် ရနယ်တို့ကို ချိုးဖျက်အပ်ပြီ။ အဝိဇ္ဇာခေါင်မိုးတို့ကို ဖျက်ဆီးအပ်ပြီ။ ငါ၏ စိတ်သည် ပြုပြင်ခြင်းကင်းရာ နိဗ္ဗာန်သို့ရောက်ပြီ။ တဏှာ၏ကုန်ရာ အရဟတ္တဖိုလ်သို့ရောက်ပြီ” ဗုဒ္ဓမြတ်စွာဘုရားသည် အထက်ပါဥဒါန်းကို ဥရုဝေလတော နေရဉ္စရာမြစ်ကမ်းပါးရှိ ဗောဓိပင်ရင်း၌ ကျူးရင့်ခဲ့သည်။ ဆင်းရဲဒုက္ခတို့ဖြင့် ပူပြင်းတောက်လောင်နေသည့် လောကကို ဗုဒ္ဓဘုရားရှင်က ဤသည်ကား ဒုက္ခတည်း။ ဤသည်ကား ဒုက္ခ၏ အကြောင်းရင်းတည်း။ ဤသည်ကား ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာတည်း။ ဤသည်ကား ဒုက္ခခပ်သိမ်းကင်းငြိမ်းရာသို့ ရောက်ကြောင်း၏ အကျင့်တည်း ဟူ၍သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူကာ ဤဗောဓိပင်ရင်း၌ပင် ဘုရားအဖြစ်သို့ ရောက်ခဲ့သည်။ ဤနေရာသည်မြတ်စွာဘုရားရှင် မာရ်ငါးပါးကို အောင်မြင်တော် မူရာ၊ သဗ္ဗညုတဉာဏ်တော် တောက်ပကာ လောကတစ်ခွင်လုံးကို အမှောင်ခွင်း၍ အလင်း ဆောင်သောနေရာလည်းဖြစ်သည်။ အချိန်ကာလအားဖြင့်ကား မဟာသက္ကရာဇ် ၁၀၃ ခု ကဆုန် လပြည့်နေ့ အရုဏ်တက်ချိန် ဖြစ်သည်။ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာ၏ နေ့ထူးနေ့မြတ်ဖြစ်သည်။ မဟာသက္ကရာဇ် ၆၈-ခုနှစ် ကဆုန်လပြည့်နေ့တွင် ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားကို ဖွားမြင်တော်မူခဲ့သည်။ မဟာသက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့်နေ့တွင် ဘုရားအဖြစ် သို့ ရောက်တော်မူကာ မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့် နေ့တွင် မြတ်စွာဘုရားရှင်သည် မလ္လာမင်းတို့၏ အင်ကြင်း ဥယျာဉ်၌ ပရိနိဗ္ဗာန်စံတော်မူခဲ့သည်။ သို့ဖြစ်ရာ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘုရားရှင်၏ဘဝဖြစ်စဉ်၌ ထူးခြားလှသည့် ဖြစ်စဉ်ကြီးများနှင့် ပြည့်စုံသည့်နေ့ဖြစ်သည့်အတွက် နေ့ထူး နေ့မြတ်အဖြစ် သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။ ဘုရားရှင်သည် သဗ္ဗညုတဉာဏ်တော်ကို ရယူရန် ဗောဓိပင်ကို အမှီပြု၍ တရား အားထုတ်ခဲ့ရခြင်းဖြစ်သည့်အတွက် ဗောဓိပင်များကို ပရိ ဘောဂစေတီအဖြစ် အသိအမှတ်ပြုကာ ဘုရားရှင်၏ အထိမ်း အမှတ်အဖြစ် ရည်မှန်းကာ ပူဇော်သမှုပြုကြသည်။ ကဆုန်လတွင် ပူပြင်းခြောက်သွေ့မှုကြောင့် ညှိုးလျော်သည့် ဗောဓိပင်ကို လန်းဆန်းစိုပြည်စေရန်အတွက် ရေသွန်းလောင်းပွဲ ကျင်းပကာ ကဆုန်လပြည့်ဗုဒ္ဓနေ့ကို ကျင်းပကြ သည်။ ဗုဒ္ဓဘုရားရှင်က သဒ္ဓါတရားရှိသူတို့ ဖူးမြင်ကြပြီး သံဝေဂ ရနိုင်စေသည့် နေရာလေးဌာနကို ဟောကြားတော်မူခဲ့ရာ ဘုရားအလောင်းတော်ကို ဖွားမြင်ခဲ့သောလုမ္ဗိနီဥယျာဉ်၊ ဘုရားအဖြစ် ရောက်ခဲ့သော မဟာဗောဓိပင်၊ ဓမ္မစကြာတရား ဦးဟောခဲ့ရာ မိဂဒါဝုန်တော၊ ပရိနိဗ္ဗာန်ပြုရာ ကုသိနာရုံတို့ကို ဟောကြားတော်မူခဲ့သည်။ အစဉ်အလာရိုးရာဓလေ့အားဖြင့် ကဆုန် ညောင်ရေသွန်းပွဲကို ကဆုန်လပြည့်နေ့တွင် ဆင်နွှဲခဲ့ကြသည်။ ၁၉၉၉ ခုနှစ် ( ၅၄)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် ကဆုန်လပြည့်ဗုဒ္ဓနေ့ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခဲ့ရာ ဗုဒ္ဓဖွားတော်မူရာနေ့၊ ဗုဒ္ဓပွင့်တော်မူရာနေ့၊ ဗုဒ္ဓပရိနိဗ္ဗာန် စံတော်မူရာနေ့ အဖြစ်လည်း တရားသံဝေဂယူကာ ဗုဒ္ဓဘာသာနိုင်ငံများနှင့် ကမ္ဘာတစ်ဝန်းရှိ ဗုဒ္ဓဘာသာဝင်တို့ ကလည်း ဆင်နွှဲလျက်ရှိကြပါကြောင်း။ ။