Skip to main content

နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌဟောင်း ဒေါက်တာမျိုးအောင်တို့အပေါ် စွဲဆိုထားသည့်အမှုများကို သီးသန့်တရားရုံး၌ တရားစီရင်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်

နေပြည်တော် မေ ၂၄

နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည် နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌဟောင်း ဒေါက်တာ မျိုးအောင်တို့အပေါ် စွဲဆိုထားသည့် အမှုများနှင့်စပ်လျဉ်း၍ ယနေ့တွင် နေပြည်တော် ကောင်စီရုံးဝန်းအတွင်းရှိ သီးသန့် တရားရုံး၌ တရားစီရင်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်သည် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၉ ရက်က NLD ပါတီမှ ကားအစီး (၂၂၀)၊ ဆိုင်ကယ် (၃၂)စီး၊ လူဦးရေ (၇၆၀) ခန့်ဖြင့် COVID-19 ဆိုင်ရာအမိန့်၊ ညွှန်ကြားချက်များကို ဖောက်ဖျက်၍ မဲဆွယ်စည်းရုံးသည့် Car Campaign ပြုလုပ်ရာတွင် သမ္မတ အိမ်တော်ဝင်ပေါက်မှ ကိုယ်တိုင်အားပေးကြိုဆိုခဲ့သဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့်ခဲ့ပြီး ဇမ္ဗူသီရိမြို့နယ်တရားရုံးသို့ တရားစွဲတင်ထားရှိခဲ့သည်။

ထို့အတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်သည်လည်း ၂၀၂၀ ပြည့် နှစ် စက်တင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့သည့် Car Campaign ၌ ၎င်း၏ နေအိမ်ရှေ့မှ ကြိုဆို နှုတ်ဆက် အားပေးပါဝင်ခဲ့သဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၈ ရက်က ၎င်းကိုယ်တိုင်ဦးဆောင်၍ COVID-19 ဆိုင်ရာ အမိန့်၊ ညွှန်ကြားချက်များကို ဖောက်ဖျက်ပြီး ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်အတွင်း တစ်အိမ် တက်ဆင်း မဲဆွယ်ပြုလုပ်ခဲ့ခြင်းကြောင့် ယင်းဥပဒေပုဒ်မ ၂၅ ဖြင့်လည်းကောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်း၏နေအိမ်တွင် ဝင်ရောက်ရှာဖွေ စစ်ဆေးရာ တရားမဝင် စကားပြောစက် (၁၀) လုံးနှင့် Jammer (၁) စုံတို့ကို တွေ့ရှိသိမ်းဆည်းရမိ၍ ဆက်သွယ် ရေးဥပဒေ ပုဒ်မ ၆၇ နှင့်  ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ အရလည်းကောင်း အမှုဖွင့် အရေးယူခဲ့ပြီး ဇမ္ဗူသီရိမြို့ နယ်တရားရုံးသို့ တရားစွဲတင်ထားရှိခဲ့သည်။

ထို့ပြင် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်တွင် နိုင်ငံခြား သံရုံးများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများသို့ ပေးပို့ခဲ့သည့် စစ်အာဏာသိမ်း အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုမပြုရေးနှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည်သာ နိုင်ငံတော်၏ တရားဝင် အစိုးရဖြစ်ကြောင်း အကြောင်းကြားစာနှင့် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ကြေညာချက် အမှတ် ၆/၀၂/၂၁ တို့ပါ အကြောင်းအရာများသည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေသဖြင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် ပါဝင်ပြီး တာဝန်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် ဒေါက်တာမျိုးအောင်တို့အား ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ဖြင့် ဇမ္ဗူသီရိမြို့နယ် တရားရုံး၌ တရားစွဲဆိုခဲ့သည်။

ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာမျိုးအောင်တို့အပေါ်၌ စွဲဆိုထားသည့် အမှုများကို ယနေ့တွင် နေပြည်တော်ကောင်စီရုံးဝန်းအတွင်းရှိ သီးသန့်တရားရုံး၌ တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ ၎င်းတို့အား တရားရုံးသို့ပို့ဆောင်ခဲ့ပြီး တရားစီရင်ရေး လုပ်ငန်းများမစတင်မီ ၎င်းတို့၏ ရှေ့နေများနှင့် လွတ်လပ်စွာ တွေ့ဆုံခွင့်ပြုခဲ့ကြောင်းနှင့် တရား စီရင်ရေးလုပ်ငန်းအဆင့်ဆင့်ကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။

(သတင်းစဉ်)