နေပြည်တော် မေ ၂၄
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် မေ (၂၂) ရက် နံနက် (၈) နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းအားကစားသမားများ အိပ်ဆောင် (၄) ထပ်၊ စားရိပ်သာနှင့် မီးဖိုဆောင်များ ဆောက်လုပ်နေမှုများကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ် ရှိ အပြည်ပြည်ဆိုင်ရာ သေနတ်ပစ်အားကစားကွင်း၌ (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ် ပြိုင်ရန်အတွက် လေ့ကျင့်ပြင်ဆင်လျက်ရှိသော မြန်မာ့ လက်ရွေးစင်သေနတ်ပစ် အားကစားသမားများ၏ မီတာ (၁၀) ရိုင်ဖယ်ပစ်ခတ်စဉ်၊ မီတာ (၅၀) စိတ်ကြိုက် ပစ္စတိုပစ်ခတ်စဉ်၊ (၂၅) မီတာ ပစ္စတို အမြန်ပစ် ပစ်ခတ်စဉ်များ လေ့ကျင့်နေမှုများကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် လားရှိုးမြို့သို့ ရောက်ရှိ လာပြီး လားရှိုးကွန်ပျူတာတက္ကသိုလ်ကျောင်းဝင်းအတွင်း အလျား ပေ (၃၇၀)၊ အနံ (၂၄၅)ပေရှိ ဘောလုံးအားကစားကွင်း ဖော်ထုတ်နေမှုလုပ်ငန်းများကိုလည်းကောင်း၊ လားရှိုး အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းအတွင်း အလျား ပေ(၁၅၀)၊ အနံပေ (၁၁၀) ဘတ်စကတ်ဘော ကွင်း ဆောက်လုပ်နေမှု လုပ်ငန်းများကို လည်းကောင်း၊ လားရှိုးမြို့မအားကစားကွင်း Inner Fencing ကာရံခြင်းနှင့် ပေ(၅၀ x ၃၀) အားကစားမှူးရုံး နှင့် နေအိမ်တည်ဆောက်နေမှုလုပ်ငန်း၊ ရေဂါလံ (၃၀၀၀၀)ဆံ့ Ground Tank, Over head tank လုပ်ငန်းများဆောင်ရွက်နေမှု ကိုလည်းကောင်း၊ လားရှိုးမြို့ ပြည်ထောင်စု အားကစား ကွင်းအတွင်း လူဦးရေ (၁၀၀၀၀)ဆံ့ ဘောလုံးပွဲကြည့်စင် ဆောက်လုပ်မည့်မြေနေရာအား လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် လားရှိုးမြို့ အမှတ် (၉)ရပ်ကွက်ရှိ လူမှုဝန်ထမ်း ဦးစီးဌာနအောက်ရှိ လားရှိုးလူငယ်သင်တန်းကျောင်းသို့ သွားရောက်၍ အားကစားပစ္စည်းများကို ထောက်ပံ့လှူဒါန်းပေးအပ်ရာ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်စံပယ်မှ လက်ခံရယူခဲ့သည်။
ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မေ (၂၃)ရက် နံနက်ပိုင်းတွင် သိန္နီမြို့နယ် အားကစားကွင်း အုတ်တံတိုင်း ပေ(၄၀၀) ကာရံခြင်းလုပ်ငန်းနှင့် မြို့နယ်အားကစားမှူးရုံး/နေအိမ် တည်ဆောက်ခြင်း လုပ်ငန်းများကိုလည်းကောင်း၊ ကွမ်းလုံမြို့နယ် ဘောလုံးအားကစား ကွင်းကိုလည်းကောင်း ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဟိုပန်မြို့နယ် 'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌ ဦးညီနပ့်နှင့် ကော်မတီအဖွဲ့ဝင်များအား တွေ့ဆုံသည်။
ထို့နောက် ဟိုပန်မြို့နယ် အားကစားကွင်းနှင့် အားကစားရုံများကို ကြည့်ရှုစစ်ဆေးကာ တာဝန် ရှိသူများကို လိုအပ်သည်များ မှာကြားသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် လောက်ကိုင်မြို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးရုံး၌ အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ အားကစားဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များ ဆွေးနွေးပြီး အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းသည်။ ထို့နောက် လောက်ကိုင်မြို့နယ်တွင် အားကစားကွင်း ဖော်ထုတ်နေမှု၊ ဘောလုံးကွင်း မြက်ကပ်နေခြင်း လုပ်ငန်းများ၊ မီတာ (၄၀၀) ပြေးလမ်းဖော်ဆောင် နေခြင်းလုပ်ငန်းများ၊ ဘောလုံးပွဲကြည့်စင် တည်ဆောက်နေခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေး ခဲ့ပြီး လောက်ကိုင်မြို့အားကစားရုံကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)