Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးနေမှုကြည့်ရှုအားပေး

 

နေပြည်တော် မေ ၂၄

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးမြင့်ကြိုင်သည် မေ ၂၃ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ မိုင်းထလန်းကျေးရွာအုပ်စု၊ မိုင်းကန်းကျေးရွာရုံးခန်းမ၌ မိုင်းဆတ်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ က ဒေသခံတိုင်းရင်းသားများကို ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်ပေးနေမှုနှင့် နယ်မြေခံ တပ်နယ်မှ တပ်မတော်သားဆရာဝန်များနှင့် သူနာပြုများက သွေးအုပ်စု ခွဲခြားစစ်ဆေး ပေးနေမှု များကို လှည့်လည်ကြည့်ရှုအားပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုင်းဆတ်မြို့နယ် ဝမ်ဟုန်ကျေးရွာ၌ နယ်မြေခံ တပ်နယ်မှ ဗိုလ်မှူးကြီးသော်ဇင်ဦး၊ ဒေသခံတိုင်းရင်းသားခေါင်းဆောင် ဦးကျလောဘို၊ ဦးညီကပ် တို့နှင့်အတူ ဒေသခံတိုင်းရင်းသားများအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲသို့ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန် ချက်ဖြင့် မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးနေသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း လုပ်ငန်းစဉ်သည်ဌာန၏ လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်ပြီး ခေတ် အဆက်ဆက် ဆောင်ရွက်ထုတ်ပေးလျက်ရှိပါကြောင်း၊ သို့သော်လည်း ခရီးလမ်းပမ်း ခက်ခဲမှုနှင့် အကြောင်းအမျိုးမျိုးကြောင့် ဆောင်ရွက်ပေးရန်ကျန်ရှိနေသူများ ရှိနေသေးပါကြောင်း၊ ပန်းခင်း စီမံချက်ကို မေ (၃) ရက်မှစတင် ဆောင်ရွက်ခဲ့သော်လည်း မိုင်းဆတ်ခရိုင်အတွင်း စီမံချက်စမ်းသပ် ကာလအဖြစ် ဧပြီ (၂၃) ရက်မှစတင်၍ မိုင်းဆတ်နှင့် မိုင်းတုံမြို့နယ်အတွင်းရှိ ဒေသခံ တိုင်းရင်းသား များအတွက် အိမ်ထောင်စုလူဦး ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့သည့်အတွက် ယခုကဲ့သို့ အခမ်းအနားကျင်းပ၍ ဒေသခံကိုယ်စားလှယ် များထံပေး အပ်နိုင်ခြင်းဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ပေးရာတွင်လည်း နိုင်ငံသားဥပဒေနှင့် မကိုက်ညီသူများအား ထုတ်ပေးခြင်းမရှိစေရေးအတွက် လုပ်ထုံး၊လုပ်နည်းနှင့်အညီ စနစ်တကျ ဆောင်ရွက်ရပါကြောင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြားရရှိပြီးသူသည် နိုင်ငံသားတစ်ယောက်၏ ရရှိခံစားနိုင်သည့် အခွင့်အရေးများကို ရရှိခံစား နိုင်မည်ဖြစ်ပြီး ရရှိပြီးကတ်ပြားများကိုလည်း ကာယကံရှင်များက ပျက်စီး/ ပျောက်ဆုံးမှု မရှိစေရေး စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းကြရန် လိုအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီး ဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို  ကျေးရွာအုပ်စု ကိုယ်စားလှယ်များထံ ပေးအပ်ကြပြီး ဒေသခံတိုင်းရင်းသားများကိုယ်စား‌ ဒေသခံ တိုင်းရင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးညီကပ်က ကျေးဇူးတင်ဝမ်းမြောက်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ခင်းကျင်းပြသထားသည့် နိုင်ငံသား စိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများကို ကြည့်ရှုအား ပေးကြသည်။

မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်အတွင်း ဝမ်ဟုန်၊ မိုင်းယွန်း၊ မိုင်းထလန်းကျေးရွာနှင့် မိုင်းတုံမြို့နယ် အတွင်း ဟိုပန်၊ ဟွေအော၊ မိုင်းကျွတ်၊ ခိုင်းလုံကျေးရွာ စသည့်ကျေးရွာနေရာ (၇) နေရာ၌ မိုင်းဆတ်နှင့် မိုင်းတုံမြို့နယ်ဦးစီးမှူးရုံးတို့မှ ဝန်ထမ်းများအခြေပြုကာ ၂၀၂၁ ခုနှစ်၊ ဧပြီ (၂၃) ရက်မှစ၍ ပန်းခင်းစီမံချက် စမ်းသပ်ဆောင်ရွက်မှုအဖြစ် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ ယခု အခမ်းအနားတွင် မိုင်းဆတ်နှင့် မိုင်းတုံမြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားများအတွက် ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း (၂၅၇၂)စုနှင့် နိုင်ငံသားစိစစ် ရေးကတ်ပြား (၅၉၁၂) ကတ် ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)