နေပြည်တော် မေ ၂၄
ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်မှတ်ပုံတင် အခကြေးငွေဆိုင်ရာ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်း အဝေးခန်းမ (၁) ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက မူပိုင်ခွင့်ဦးစီးဌာနကို နေပြည်တော် ရုံးချုပ်နှင့် ရန်ကုန်၊ မန္တလေးတွင်ဌာနခွဲများ ဖွင့်လှစ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက် နိုင်ရန်အတွက် မူပိုင်ခွင့်ဦးစီးဌာန ရုံးအဆောက်အဦတည်ဆောက်ရေး၊ ဝန်ထမ်းအင် အားဖြည့် တင်းရေးနှင့် ဝန်ထမ်းများအနေဖြင့် မိမိဌာန၏လုပ်ငန်းဆောင်ရွက်ချက်များကို သိရှိစေရန်အတွက် ဌာနတွင်းဟောပြောပွဲများ၊ Case Study များ ဆောင်ရွက်သွားရန်နှင့် ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာ လုပ်ငန်းများကိုလည်း ပါဝင်ဆွေးနွေးသွားရန်လိုကြောင်း၊ လိုအပ်ပါက ပညာရှင်များခေါ်ယူ ဖိတ်ကြား ဆောင်ရွက်သွားရန်လိုကြောင်းနှင့် မူပိုင်ခွင့်ဦးစီး ဌာနအနေဖြင့် ဌာနအသစ်ဖြစ်၍ ဆောင်ရွက်ရမည့် လုပ်ငန်းများစွာရှိနေ၍ ဝန်ကြီးဌာနရှိ ကျန် ဦးစီးဌာနများမှလည်း လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးညွန့်အောင်နှင့် အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းတို့က မူပိုင်ခွင့် ဦးစီး ဌာနနှင့်ပတ်သက်၍ ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်နေမှု၊ ဆက်လက် ဆောင်ရွက်ရမည့်လုပ်ငန်း များကို ရှင်းလင်းတင်ပြကြပြီး မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က မူပိုင်ခွင့်ဦးစီးဌာန၏ လုပ်ငန်းများဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းဆိုင်ရာ ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးနှင့် အမြဲတမ်း အတွင်းဝန် တို့က လိုအပ်သည်များ ဖြည့်စွက်ပြောကြားကာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)