Skip to main content

၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

နေပြည်တော် မေ ၂၄

၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၉) အခြေခံ ပညာ အထက်တန်း ကျောင်း၌ကျင်းပရာ ဇမ္ဗူသီရိမြို့နယ် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “ကျောင်းအပ်နှံရေး သီတင်းပတ်” သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ် သည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေက ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေ(၂၄)ရက်မှ မေ(၃၁)ရက်အထိ တစ်နိုင်ငံလုံးကျင်းပ အပ်နှံနေကြပြီဖြစ်ရာ ကျောင်းသားမိဘများအနေဖြင့် ထပ်တူဝမ်းသာကြည်နူးနေမည်ဟု ယုံကြည်မိပါကြောင်း၊ ဇွန်(၁) ရက်တွင် အခြေခံပညာကျောင်းများအားလုံး တစ်ပြိုင်နက်တည်းဖွင့်လှစ်တော့မည် ဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူလေးများ တည်ငြိမ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးကို ပျက်ပြား စေလိုသူများက ကျောင်းအပ်နှံသည့်အခါ ငွေကြေးများ ကောက်ခံမည်ဟု ကောလဟာလ သတင်း မှားများ ထုတ်လွှင့်ကာ ပြည်သူများ အထင်အမြင်မှားအောင် ဆောင်ရွက်မှုများ ရှိနေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ကျောင်းသားမိဘများအနေဖြင့် သတင်းမှားများကို မယုံကြည်ရန်နှင့် တာဝန်ရှိ သူများနှင့် ဆရာဆရာမများကလည်း ပြည်သူများသတင်းအမှန်သိရှိရန် အချိန်နှင့်တစ်ပြေးညီ အသိပေးဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

ဆရာ ဆရာမများအားလုံးသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် ပါတီနိုင်ငံရေး ကင်းရှင်းရန် လိုအပ်ပါကြောင်း၊ ခေတ်စနစ်မည်သို့ပင်ပြောင်းနေပါစေ ဝန်ထမ်းများသည် ကိုယ့်အလုပ်တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ပညာရေး ဝန်ထမ်းများသည် နိုင်ငံ၏ အနာဂတ်သားကောင်းရတနာများကို မွေးထုတ်ပေးနေသည့် ပဲ့ကိုင်ရှင်ဆရာဆရာမများ ဖြစ်ပါ ကြောင်း၊ ဆရာဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား ခံယူချက်၊ ယုံကြည်ချက်၊ ယူဆချက်များ မှန်ကန်အောင် ပညာသင်ကြားပေးစေလိုပါကြောင်း။

ဆရာဆရာမများက ကျောင်းသားကျောင်းသူလေးများအား ကျောင်းပြဋ္ဌာန်းစာအုပ်တွင် ပါဝင်သည့် သင်ခန်းစာများအပြင် မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် ယဉ်ကျေးမှုများ၊ လိမ္မာရေး ခြားရှိစေမည့် သင်ခန်းစာ အကြောင်းအရာများကိုလည်း သင်ကြားပေးစေလိုပါကြောင်း၊ မွန်မြတ်သည့် ဆရာ ဟူသော ဂုဏ်သိက္ခာကို တန်ဖိုးထား၍ ပညာရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက် စေလိုပါကြောင်း၊ ဆင်းရဲချမ်းသာမခွဲခြားဘဲ ကလေးများအားလုံး ပညာသင်ယူခွင့်ရအောင် ဆောင်ရွက် ပေးကြရန် မှာကြားလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဉက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် အခြေခံပညာ ကျောင်းပေါင်း (၇၅၇)ကျောင်းရှိရာ ဇွန် (၁)ရက်တွင် တစ်ပြိုင်နက် တည်းဖွင့်လှစ်နိုင်ရန် အဆင်သင့်အနေထား ပြင်ဆင်ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ကျောင်းများ ဖွင့်လှစ်ချိန်တွင် ဘေးပတ်ဝန်းကျင်၏ ရိုက်ခတ်မှုများမရှိစေရေး ဆရာကြီး၊ ဆရာမကြီးများအားလုံး၊ ကျောင်းသား ကျောင်းသူများအားလုံးအတွက် လုံခြုံရေးဆောင်ရွက်ပေးရန် စီစဉ်ထားရှိပြီး ဖြစ်ပါကြောင်း၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူလေးများကို စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်စေလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေ၊ နေပြည်တော်ကောင်စီဉက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးဇော်ဝင်းတို့က ဗလာ စာအုပ်နှင့် ပုံနှိပ်စာအုပ်များကို ပေးအပ်ရာ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးများက လက်ခံရယူ သည်။

ထို့နောက် ဇမ္ဗူသီရိမြို့နယ် အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက  “ဇာတိမာန်”သီချင်းဖြင့် ဖျော်ဖြေကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်ဧည့်သည်တော်များက စာသင်ခန်းအလိုက် ကျောင်းအပ် လက်ခံနေမှုများကို လှည့်လည်ကြည့်ရှုပြီး ကျောင်းလာရောက် အပ်နှံကြသော ကျောင်းသား မိဘများ၊ ကျောင်းသားကျောင်းသူများကို ခင်မင်ရင်းနှီးစွာ နှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)