နေပြည်တော် မေ ၂၃ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ မေ ၂၂ ရက်က အဖျက်အမှောင့်လုပ်ငန်း လုပ်ဆောင်ရန် လက်လုပ်မိုင်းပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသား နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မေ ၂၂ ရက် ညနေ ၄ နာရီ မိနစ် ၄၀က ပုသိမ်မြို့ အမှတ်(၃)ရပ်ကွက်တောရကျောင်းလမ်း အိမ်အမှတ် (၄၂၃) ရှိ ဦးဝင်းကြည်(၅၂)နှစ် (ဘ)ဦးသောင်း ပိုင်ဆိုင်သော ပရိဘောဂအလုပ်ရုံ၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရာ အဆိုပါ အလုပ်ရုံတွင် ဦးဝင်းကြည်၏ဇနီး ဒေါ်သီတာထွေး (၅၂) နှစ် (ဘ)ဦးကျော်ထူးနှင့် ၎င်းရပ်ကွက်နေ မျိုးမြင့်ခိုင်(၂၁)နှစ် (ဘ) ဦးတင်လှိုင်ကို တွေ့ရှိထိန်းသိမ်းပြီး အလုပ်ရုံအပေါ် ထပ်တွင် လက်လုပ်အဝေးထိန်းမိုင်း ပေါက်ကွဲထားသည့် အပိုင်းအစများနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိသိမ်းဆည်း ခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ဆေး ဆောင်ရွက်ခဲ့ရာ မျိုးမြင့်ခိုင်နှင့် ဦးဝင်းကြည် ၏ သားဖြစ်သူ ကောင်းထက်(၁၈)နှစ်၊ တစ်ရပ်ကွက်တည်းနေ လင်းထက်(၂၈) နှစ် (ဘ)ဦးမြင့်အောင်နှင့် အရှေ့ကိုးသိန်း ရပ်ကွက်နေ ဇော်ဇော် (၂၇)နှစ် (ဘ) ဦးမြင့်သိန်းတို့ လေးဦးသည် လက်လုပ် အဝေးထိန်းမိုင်း အသက်သွင်းနေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကောင်းထက်ပါ သုံးဦးသည် ထွက်ပြေးသွားကြောင်း သိရှိ ရသဖြင့် လိုက်လံဖမ်းဆီးရာ ၎င်းရပ်ကွက် ရှိ စက်တော်ရာဘုရားဝင်းအတွင်း၌ ဇော်ဇော်အား ယာလက်ငါးချောင်းထိပ် အဆစ်များပြတ်ကာ ပွန်းပဲ့ဒဏ်ရာများဖြင့် လည်းကောင်း၊ လင်းထက်အား ပွန်းပဲ့ ဒဏ်ရာများဖြင့်လည်းကောင်း ဖမ်းဆီးရမိ ခဲ့ပြီး ဆေးဝါးကုသနိုင်ရေးအတွက် တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသ မှု ခံယူစေလျက်ရှိကြောင်း သိရသည်။ အထက်ပါဖြစ်စဉ်မှ ထွက်ပြေး တိမ်းရှောင်နေသူ ကောင်းထက်အား ဖမ်းဆီးရမိရေးနှင့် ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်