Skip to main content

အင်းဝရှေးဟောင်းယဉ်ကျေးမှုနယ်မြေအား တစ်ရက်ခရီးစဉ်အဖြစ် လည်ပတ် လေ့လာနိုင်သော ဒေသဖြစ်စေရန် တိုးချဲ့စီစဉ်ဆောင်ရွက်သွားမည်

မန္တလေး မေ ၂၃

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် အင်းဝရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိ အမွေအနှစ် စေတီပုထိုး၊ အဆောက်အအုံများအား တိုးချဲ့ ဖော်ထုတ်၍ နိုင်ငံတကာခရီးသွားများအတွက် တစ်ရက်ခရီးစဉ် အဖြစ် လည်ပတ်လေ့လာနိုင်သော ဒေသဖြစ်စေရန် စီစဉ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီး ဌာန(မန္တလေးဌာနခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးနေနိုင်ထွန်းက ပြောကြားသည်။ ။ အဆိုပါ အင်းဝဒေသတွင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် လက်ရာ ဘုရားစေတီများနှင့် အဆောက် အအုံ များစွာရှိသော်လည်း လက်ရှိတွင် ၎င်းဒေသသို့ လာရောက်လေ့လာကြသည့် ပြည်တွင်း၊ ပြည်ပခရီးသွားများ အနေဖြင့် ဗားကရာကျောင်းတော်ကြီး၊ မယ်နု အုတ်ကျောင်း၊ နန်းမြို့ရိုး၊ နန်းမြင့်စင်နှင့် ဆင်ကျုံးခံတပ်များသို့သာ နေ့တစ်ပိုင်းခရီးစဉ်အဖြစ် လာရောက်လေ့လာလျက်ရှိရာ ကျန်ရှိနေ သည့် အင်းဝခေတ်၊ ညောင်ရမ်းခေတ်နှင့် အမရပူရခေတ်လက်ရာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဘုရားစေတီများဖြစ်သော ခြောက်ဆူတန်းဘုရားစု၊ ကိုးဆူတန်းဘုရားစု၊ ဒေါ်ဂျမ်းဘုရားစု၊ မြင့်မိုလ်တောင်ဘုရားနှင့်ဝင်္ကပါဘုရား စသည့်နေရာများ သို့သွားရောက် လေ့လာ နိုင်စေရန် တိုးချဲ့ ဖော်ထုတ်ထားရှိပြီးဖြစ်ရာ မကြာမီကာလတွင် နိုင်ငံတကာခရီးသွားများအတွက် တစ်ရက်ခရီးစဉ်ဒေသအဖြစ်လာရောက် လည်ပတ်လေ့လာနိုင်စေရေးအတွက် ခရီးသွားဧည့်လမ်းညွှန်အသင်း များနှင့် ဆွေးနွေးညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ လည်ပတ်လေ့လာနိုင် “လက်ရှိမှာ အင်းဝဒေသကို လာရောက်လေ့လာနေကြသူတွေ အနေနဲ့ နေ့တစ်ပိုင်းခရီးစဉ် အဖြစ်ပဲ လာရောက်နေကြပါတယ်။ ဒါကြောင့် တစ်နေ့တာခရီးစဉ်အဖြစ် လည်ပတ်လေ့လာနိုင်ဖို့ နေရာသစ် တွေလည်း တိုးချဲ့ဖော်ထုတ်ထားသလိုသွားလာရေးအဆင်ပြေစေဖို့လမ်းတွေလည်း ဖောက်လုပ်ထားပါတယ်။ ဆက်လက်ပြီးတော့လည်း ရှေးဟောင်း ဘုရားတွေ ဖော်ထုတ်ပြုပြင်မှုတွေနဲ့ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေ ကောင်းမွန်စေဖို့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် မကြာခင် ကာလမှာ ရောက်ရှိလာတော့မယ့် ခရီးသွားလုပ်ငန်းတွေ ပြန်လည်ဖွံ့ဖြိုး လာချိန်မှာ အင်းဝဒေသကို တစ်ရက်ခရီးစဉ်အဖြစ်လည်ပတ်နိုင်ဖို့ ခရီးသွားဧည့်လမ်းညွှန်အဖွဲ့နှင့်တွေ့ဆုံပြီး အင်းဝဒေသမှာ တိုးချဲ့ ဖော်ထုတ်ထားတဲ့ ရှေးဟောင်းအမွေအနှစ်နေရာသစ်တွေကို သူတို့ရဲ့ ခရီးစဉ်မှာ ထည့်သွင်းဖြည့်စွက်ရေးဆွဲပေးဖို့ ဆွေးနွေးညှိနှိုင်းသွားမှာပါ” ဟု ၎င်းက ပြောသည်။ လက်ရှိတွင် မြောက်ဦးဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် တင်သွင်းနိုင်စေရေးအတွက် ဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍ အင်းဝရှေးဟောင်းနယ်မြေဒေသကိုလည်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်စေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရန် လျာထား လျက်ရှိရာ လက်ရှိတွင် ၎င်းဒေသရှိ ရှေးဟောင်းအမွေအနှစ်များ ပျက်စီး ဆုံးရှုံးမှု နည်းပါးစေရန်နှင့် ခေတ်ကာလလူနေမှုအဆင့်အတန်းမြင့်မား မှုနှင့် လိုက်လျောညီထွေဖြစ်စေရန် ထိန်းသိမ်းကာကွယ်စောင့်ရှောက် လျက်ရှိကြောင်း သိရသည်။ အင်းဝမြို့ဟောင်းဒေသသည် သတိုးမင်းဖျား အေဒီ ၁၃၆၄ မှ စတင်၍ ဘကြီးတော်မင်း ၁၈၂၁ လက်ထက် သို့တိုင်အောင် နှစ်ပေါင်း လေးရာခန့် မင်းနေပြည်တော်ဖြစ်ခဲ့သောကြောင့် ထိုခေတ် ဘုရင် မင်းမြတ်၊ မိဖုရား၊ သားတော်၊ သမီးတော်များနှင့် မှူးမတ်ပြည်သူများဆောက်လုပ် လှူဒါန်းထားသည့် ဘုရားစေတီပုထိုး၊ ဂူကျောင်း နှင့် အဆောက်အအုံ စုစုပေါင်းမှာ ၆၂၄ ခုရှိကြောင်း သိရသည်။ မင်းထက်အောင်(မန်းကိုယ်ပွား)