Skip to main content

ရိတ်သိမ်းချိန်လွန်နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများ နှင့် နည်းပညာ ဖြန့်ဝေခြင်း လုပ်ငန်းများ ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည်

နေပြည်တော်၊ မေ ၂၃

စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍတွင် ရိတ်သိမ်းပြီးချိန်မှ စားသုံးသူလက်ဝယ် ရောက်ချိန်အထိ ကြားကာလတွင်း လေလွင့်ပျက်စီးမှုပမာဏအများဆုံး ဖြစ်သည်ကို လေ့လာတွေ့ရှိရမည်ဖြစ် ကြောင်း၊ ဆွတ်ခူးခြင်း သယ်ယူ သိုလှောင်ခြင်း၊ ထုပ်ပိုး ဖြန့်ချိခြင်း စသည့် လုပ်ငန်းစဉ် တလျောက်တွင် အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်မှုများကို ထိရောက်စွာကုစားနိုင်မည့် ရိတ်သိမ်းချိန်လွန်နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် နည်းပညာဖြန့်ဝေခြင်း လုပ်ငန်းများ ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မေ ၂၂ ရက် မွန်းလွဲပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရှိ ရိတ်သိမ်းချိန်လွန်နည်းပညာဗဟိုဌာနသို့ ရောက်ရှိ စစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး က ပြောကြားသည်။ ထို့နောက် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များ ဌာန ဆိုင်ရာ တာဝန်ရှိသူများသည် ဒေသနှင့်ကိုက်ညီပြီး အသုံးပြုရန် လွယ်ကူသော ရိတ်သိမ်းချိန်လွန် စက်ကိရိယာများ ဆန်းသစ်ပြောင်းလဲ သုံးစွဲနိုင်ရေး အတွက် စမ်းသပ်ခြင်းနှင့် ဒီဇိုင်းတီထွင် ထုတ်လုပ်ရေး လုပ်ငန်းများဆောင်ရွက်နေသည့် ရိတ်သိမ်းချိန်လွန် အင်ဂျင်နီယာ ဓါတ်ခွဲခန်း ကိုလည်းကောင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်မှုအဆင့်ဆင့်ကို လည်းကောင်း၊ အရည် အသွေး ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော စိုက်ပျိုးရေး ထုတ်ကုန်များ ထုတ်လုပ် နိုင်ရန် အမြင့်ဆုံး ပိုးသတ်ဆေး ဓါတ်ကြွင်း အာနိသင် ပါဝင်မှုနှင့် ဘေးဖြစ်စေတတ်သော အဏုဇီဝ ပိုးမွှားများပါဝင်ပေါက်ဖွားမှု တိုင်းတာစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်နေသည့် သီးနှံ အရည် အသွေးနှင့် ပိုးမွှားကင်းစင်မှု ဓါတ်ခွဲခန်း လုပ်ငန်းများကိုလည်းကောင်း လှည့်လည် ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ (သတင်းစဉ်)