နိုင်ငံသားတိုင်းတွင် တာဝန်ဝတ္တရားများရှိသကဲ့သို့ အခွင့်အရေး များလည်းရှိသည်။ တာဝန်နှင့် အခွင့်အရေးတို့မှာ တစ်ခုနှင့်တစ်ခု ဆက်စပ်နေရာ နိုင်ငံသားတို့သည် အခွင့်အရေးကို ခံစား သည်နှင့် တစ်ဖက်တွင်လည်း ထမ်းဆောင်ရမည့် တာဝန်ရှိလာသည်။ အခွင့်အရေးသည် နိုင်ငံသားတစ်ဦးစီ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဖြစ်ပြီး တာဝန်ဝတ္တရားမှာမူ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး၊ လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြစ်သည်။
နိုင်ငံသားတစ်ဦးသည် ဥပဒေ၏ အကာအကွယ်ကို ရယူ ပိုင်ခွင့်ရှိသလို တရားဥပဒေကို လေးစားလိုက်နာရန်၊ တရားဥပဒေစိုးမိုးရေးတွင် ပူးပေါင်းဆောင်ရွက်ရန် တာဝန်ရှိသည်။ ပညာသင်ကြားပိုင်ခွင့် အခွင့်အရေးရှိသလို မိမိတတ်ကျွမ်းလာသည့် ပညာဖြင့် လူ့အဖွဲ့ အစည်းကောင်းကျိုး၊ နိုင်ငံ့ကောင်းကျိုးအတွက် အလုပ်အကျွေးပြုရန် တာဝန်ရှိသည်။ ကျန်းမာရေး စောင့်ရှောက်မှုခံယူခွင့်ရရှိသလို ကျန်းမာကြံ့ခိုင်သည့် ကာယ၊ ဉာဏစွမ်းအားတို့ဖြင့် နိုင်ငံနှင့်ပြည်သူ့အကျိုးကို ထမ်းဆောင် ကြရမည်။
စီးပွားရေးလုပ်ငန်းများကိုဥပဒေနှင့်အညီလွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသလို အခွန်အခ များ ပေးဆောင်ခြင်း၊ အများအကျိုးပြုလုပ်ငန်းများဆောင်ရွက်ပေးခြင်းတို့ဖြင့် တာဝန်ကျေပွန် ကြဖို့လိုသည်။ သို့ဖြစ်ရာ နိုင်ငံသားတိုင်းက မိမိတို့ တစ်ဦးချင်းစီအတွက် အခွင့်အရေးများကို ရယူခံစားကြပြီး အများအကျိုးအတွက် တာဝန်များကို ထမ်းဆောင်ကြရမည် ဖြစ်သည်။ နိုင်ငံသားတို့၏ အခွင့်အရေးများ၊ ရပိုင်ခွင့်များသည် တိုင်းတစ်ပါးက ကျူးကျော်ဝင်ရောက် တိုက်ခိုက်ချိန်၊ ဆူပူသောင်းကျန်းမှုများ ဖြစ်ပေါ်နေချိန်နှင့် အရေးပေါ်အခြေအနေ ဖြစ်ပေါ် နေချိန်တို့တွင်မူ ဥပဒေပြဋ္ဌာန်း၍ ကန့်သတ်ခြင်း၊ ဖျက်သိမ်းခြင်းတို့ ပြုလုပ်နိုင်သည်ကိုလည်း သိရှိနားလည် ထားကြရမည်ဖြစ်သည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်း သားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို စောင့်ထိန်း ရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။ ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာ စောင့်ထိန်းရေး၊ နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာ အာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ် ရေးနှင့်ပြည်သူ ( တစ်ရပ်လုံး အေးချမ်းသာယာရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး ပေါ်ထွန်းစေရေး၊ ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ထမ်းဆောင်ရေးတို့ကို နိုင်ငံသားတာဝန် အဖြစ် ထမ်းဆောင်ကြရန်လည်း ပြဋ္ဌာန်းထားသည်။
နိုင်ငံသားတိုင်းသည် မိမိတို့တွင် အခွင့်အရေးများရှိသည်ကို လည်းကောင်း၊ ယင်းအခွင့်အရေး များကို ခံစားလျက်ရှိသည်ကို လည်းကောင်း နားလည်သိရှိကြရမည့်နည်းတူအခွင့်အရေးများ ဆုံးရှုံးပါကလည်း သိရှိကြရမည်ဖြစ်သည်။ ထို့အပြင် နိုင်ငံသား တိုင်း တာဝန်များကို ကျေကျေပွန်ပွန် ထမ်းဆောင်ကြရန်လည်း ( လိုအပ်သည်။ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ခြင်း၊ ငြိမ်းချမ်းသာယာခြင်းတို့တွင် နိုင်ငံသားတို့၏ ဉာဏ်ပညာအဆင့်အတန်း အနိမ့် အမြင့် အခြေအနေနှင့် အသိဉာဏ်မြင့်မားသည့် နိုင်ငံသားမည်မျှ များများရှိသည်ဆိုသည့် အချက်များမှာ အရေးပါသည်။
နိုင်ငံသားတစ်ဦးဖြစ်ရခြင်း၏ တန်ဖိုးနှင့် ဂုဏ်ရည်တို့ကို နိုင်ငံမဲ့သူတို့က ပို၍ခံစားနား လည်တတ်ကြသည်။ ကမ္ဘာပေါ်တွင် နိုင်ငံမဲ့ဘဝရောက်နေသူများ သန်းပေါင်းများစွာရှိနေသည်။ မိမိတို့သည် ဘိုးဘွားတို့၏ အသက်သွေး ချွေးများဖြင့် တည်ထောင်ခဲ့သည့် လွတ်လပ် သောနိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့် ရနေသူများဖြစ်ကြရာ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိ ရိုသေကြရန်လည်း လိုအပ်သည်။ နိုင်ငံပြင်ပသို့ ထွက်ပြီး အတွင်းထရံ အပြင်ကာနေသူများ၊ လူတကာအကူအညီလက်ဖြန့်ခံတောင်းရမ်းနေသူများမှာ ကိုယ့်မိသားစုနေအိမ်ကို ၊ မီးရှို့ပေးရန် ရပ်ကွက်အတွင်း အော်ဟစ်နေသူများသဖွယ်ဖြစ်ပြီး နိုင်ငံတော်အပေါ် ကျေးဇူးသစ္စာဖောက် ဖျက်မှုကို ရှက်ဖွယ်လိလိ ကျူးလွန်နေကြသူများပင် ဖြစ်သည့်အလျောက် နိုင်ငံ့သမိုင်း ကြောင်းတွင်လည်း အမည်းရောင်စွန်းထင်းနေသူများအဖြစ် သာ မှတ်တမ်းဝင်နေမည် ဖြစ်ပါကြောင်း။ ။
မြန်မာ့အလင်း အယ်ဒီတာ့အာဘော်