နေပြည်တော် မေ ၂၃ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် မေ ၂၁ ရက် နံနက် (၁၀)နာရီတွင် ဒိုက်ဦးလမ်း၊ ဒိုက်ဦး - စစ်တောင်းလမ်းနှင့် ရွှေသံလွင်ကုမ္ပဏီမှ B.O.T စနစ်ဖြင့် ဆောင်ရွက်သော ဘုရားကြီး-ကျိုက်ထို-မော်လမြိုင်လမ်း (ဘုရားကြီး-ကျိုက်ထို လမ်းအပိုင်း) တို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လုပ်ငန်း လိုအပ် ချက်များ မှာကြားသည်။ မေ ၂၂ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ ဦးစောမြင့်ဦး နှင့်အတူ အိန္ဒု-ကော့ကရိတ်လမ်း အဆင့်မြှင့်တင် ခြင်းလုပ်ငန်း များ ဆောင်ရွက်ပြီးစီးမှု အခြေအနေကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး ဂျိုင်း (ကော့ကရိတ်) တံတားတည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိကာ တံတား တည်ဆောက် ရေး လုပ်ငန်းခွင်အတွင်း တံတားတိုင်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ တံတားချဉ်းကပ်လမ်း များဆောင်ရွက်နေမှု၊ နည်းပညာသစ်ကို ထည့်သွင်းအသုံးပြုသည့် Precast လုပ်ငန်းများ ဆောင်ရွက် ထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အိန္ဒု-ဘားအံလမ်းအပိုင်း ကတ္တရာ ကွန်ကရစ် (AC)ခင်းနေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ကတ္တရာကွန်ကရစ် (AC)ခင်းရာ တွင် သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘားအံ-အဖြောင့်-ဇာသပြင် လမ်းအခြေ အနေကိုလည်းကောင်း၊ ကရင်ပြည်နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက အဖြောင့် လမ်းဆုံ-နောင်ထလုံး - ထုံးအိုင် - မိန်းမလှကျွန်း - ဖအွံ - ဖဲကတာ (၁၄) မိုင် (၅) ဖာလုံနှင့် ခြံကလေး - တောင်သူကုန်း - ဖအွံလမ်း (၃) မိုင်(၄) ဖာလုံ ဆောင်ရွက်ထားရှိမှုကိုလည်း ကောင်း၊ မော်လမြိုင် - သံဖြူဇရပ် - ကျိုက္ခမီလမ်း (သံဖြူဇရပ် - ကျိုက္ခမီ ) အပိုင်း (၂)မိုင် (၃)ဖာလုံ မှ (၅)မိုင်(၃) ဖာလုံ အထိ စက်၊ ယန္တရားများဖြင့် ကတ္တရာကွန်ကရစ်လမ်း(AC)ခင်း နေမှုအခြေအနေကိုလည်း ကောင်း၊ မော်လမြိုင်မြို့တွင် အဆောက်အဦဦးစီးဌာန၊ အဆောက် အဦ အထူးအဖွဲ့(၁၃)မှ တာဝန်ယူတည်ဆောက် နေသော မွန်ပြည်နယ်၊ တရားလွှတ်တော် ချုပ်ရုံး၊ တည်ဆောက်ရေး လုပ်ငန်းခွင်ကို လည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)
နောက်ဆုံးရသတင်းများ

10 May, 2025