နေပြည်တော် မေ ၂၃
နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးပရိဝုဏ်တော်အတွင်း မဟာဗောဓိပင်တော် များအား (၁၃)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကျင်းပရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ဗုဒ္ဓပူဇနိယပွဲတော်များ စဉ်ဆက်မပြတ်ထိန်းသိမ်းကာ ကုသိုလ်ပြုဆောင်ရွက်ခဲ့ကြသည့် ကောင်းမှုများ အနက် ပရိဘောဂစေတီထိုက်သည့် မဟာဗောဓိပင်အား ပူဇော်ခြင်းသည်လည်း တစ်ခုအပါအဝင် ဖြစ်ကြောင်း၊ စေတီတော်မြတ်ကြီး ပရိဝုဏ်တော်အတွင်းရှိ မဟာဗောဓိပင်များကို (၁၃)ကြိမ် မြောက် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ခြင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက် ပထမဆုံးကျင်းပသည့် ညောင်ရေသွန်းပွဲတော်ဖြစ်ကြောင်း၊ ညောင်ရေသွန်းလောင်း ခြင်းများ ဆောင်ရွက်နိုင်ရေး ပြင်ဆင်ထားရှိရန် လိုအပ်ကြောင်း ပြောကြားသည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်များ၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကဆုန် ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး က ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)