ရန်ကုန် မေ ၂၃
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေး သည် ယနေ့နံနက် ၇ နာရီခွဲက ရန်ကုန်မြို့၊ ကန်တော်ကြီးသဘာဝဥယျာဉ် သန့်ရှင်းသာယာ လှပရေးနှင့် စိမ်းလန်းစိုပြေရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။ ရှေးဦးစွာ ရန်ကုန်မြို့တော်ဝန်နှင့်အဖွဲ့သည် ကန်တော်ကြီးဉယျာဉ်အတွင်းရှိ မကျည်းတန်းမြောင်းနေရာသို့ ရောက်ရှိပြီး ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှု ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ မကျည်းတန်းမြောင်း ရေထိန်းတံခါးနှစ်ခု နေရာတွင် ဦးထောင်ဘို အဝိုင်း၊ ဗဟန်း(၃)လမ်းနှင့် ဝင်္ကဘာလမ်းအသီးသီးတို့မှ စီးဝင်လာသောမြောင်းများ ပိတ်ဆို့မှုမရှိစေရန် မကျည်းတန်းမြောင်းအတွင်း အမှိုက်များနှင့် နုံးများဆယ်ယူရှင်းလင်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် မြေပဒေသာကျွန်းရှိ ဆင်ရုပ်ရေကန်မှ အမှိုက်များ ဆန်ကာဖြင့် ဆယ်ယူရှင်းလင်းရန်နှင့် ကျွန်းပတ်မြောင်းအတွင်း ပေါက်ရောက် နေသည့် အပင်များ ရှင်းလင်းရန်မှာကြားပြီး ဝင်္ကဘာလမ်းနှင့် နတ်မောက်လမ်းသွယ် (၁)တို့မှ ကန်တော်ကြီးသို့ ဝင်ရောက်သည့် ရေဝင်ပေါက်များနှင့် ဂျပန်နိုင်ငံ Kubota ကုမ္ပဏီမှ လှူဒါန်းထားသည့် ရေစုပ်စက် စမ်းသပ်မောင်းနှင်မှုကို ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ကန်တော်ကြီး သစ်တောဇုန်အတွင်း ရေစစ် ကန် ပြန်လည်တူးဖော်နေမှု၊ ရန်ကုန်မြို့နှင့် ညီအစ်မမြို့တော် ချစ်ကြည်ရေးတည် ဆောက်ထားသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယန်ကျိုးမြို့မှ လှူဒါန်းထားသောလှေကို ကြည့်ရှုစစ်ဆေး၍ ချစ်ကြည်မှုအထိမ်းအမှတ်အဖြစ် ထားရှိရန် မှာကြားခဲ့ကြောင်း သိရ သည်။ (သတင်းစဉ်)