Skip to main content

နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးပရိဝုဏ်တော်အတွင်း မြောက်ဘက်အရပ်ရှိ မဟာဗောဓိပင်တော်များအား (၁၃) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော် ခြင်း မင်္ဂလာအခမ်းအနား ကျင်းပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ မေ ၂၃

နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးပရိဝုဏ်တော်အတွင်း မြောက်ဘက်အရပ်ရှိ မဟာဗောဓိပင်တော်များအား (၁၃)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာ အခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ် (၃၁)၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၁)လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့၊ ကွပ်ကဲရေးမှူး၊ ဥပ္ပါတသန္တိ စေတော်မြတ်ကြီးဂေါပကအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာ၌ ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်ပါကြောင်း၊ ဘုရား အလောင်းတော် သုမေဓာရှင်ရသေ့အား ဘဒ္ဒကမ္ဘာမှာ လေးဆူမြောက်ဖြစ်တဲ့ ဂေါတမအမည်နဲ့ ဘုရား စင်စစ် ဧကန်ဖြစ်လိမ့်မယ်လို့ ဒီပင်္ကရာ မြတ်စွာဘုရားက နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့မှာ ပေးခဲ့၍ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်နေ့ဖြစ်ပါကြောင်း၊ မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ဘုရားအလောင်း သိဒ္ဓတ္ထမင်းသားကို ဖွားမြင်တော်မူခဲ့ပြီး မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ဘုရားအလောင်း သိဒ္ဓတ္ထမင်းသားသည် ဗောဓိပင်ရင်း၌ သဗ္ဗညုတ ဉာဏ်တော်ကို ရရှိကာ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ကြောင်း၊ မဟာသက္ကရာဇ် ၁၄၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်မူ မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ပရိနိဗ္ဗာန်စံတော်မူခဲ့ပါသဖြင့် ဗုဒ္ဓဘာသာ သမိုင်းတွင် ဤကဲ့သို့သော ထူးခြားချက်များကြောင့် “ဗျာ၊ ဖွား၊ ပွင့်၊ စံ၊ ဤလေးတန်၊ မှတ်ရန် ဗုဒ္ဓနေ့” ဟု အဆိုရှိခဲ့ကြောင်း၊ အဲ့ဒီလို ထူးခြားချက် ၄ ချက်နှင့်ပြည့်စုံတဲ့ ကဆုန်လပြည့်နေ့အား ဗုဒ္ဓဘာသာဝင် အပေါင်းတို့က ဗုဒ္ဓနေ့ဟု သတ်မှတ်ခဲ့ကြကြောင်း၊ ထေရဝါဒဗုဒ္ဓသာသနာတော် အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲစေခြင်းငှာ ဗုဒ္ဓပူဇနိယပွဲတော်များကိုလည်း စဉ်ဆက်မပြတ်ထိန်းသိမ်းကာ ကုသိုလ်ပြုဆောင်ရွက်ခဲ့ကြသည့် ကောင်းမှုများအနက် ပရိဘောဂစေတီ ထိုက်သည့် မဟာဗောဓိပင်အား ပူဇော်ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ ဂေါတမ မြတ်စွာဘုရားရှင် ဒေသစာရီကြွချီတော်မူခိုက် “မြတ်စွာဘုရားကိုယ်စား သဗ္ဗညုတဉာဏ်ရရှိရန် ကျေးဇူးများခဲ့သည့် ဖွားဖက်တော်ဗောဓိပင်အား စိုက်ပျိုးပူဇော်ကြလျှင် ငါဘုရားကို ပူဇော်ခြင်းနှင့် အတူတူပင်ဖြစ်သည်” ဟု မိန့်တော်မူချက်အရ သာဝတ္ထိပြည်သူပြည်သားများ မဟာဗောဓိပင်အား ပရိဘောဂစေတီအဖြစ် စိုက်ပျိုးကိုးကွယ်ရန် စီစဉ်ခဲ့ကြပါကြောင်း၊ မဟာဗောဓိပင်မှ အလိုလို ကြွေကျသည့် အသီးကို အရှင်မဟာမောဂ္ဂလ္လာန် မထေရ်မြတ်က သင်္ကန်းတော်ဖြန့်ခင်းခံယူကာ အရှင်အာနန္ဒာ မထေရ်ထံလွှဲအပ်ပြီး ကောသလမင်းကြီး၊ အနာထပိဏ်သူဋ္ဌေးကြီး၊ ဝိသာခါကျောင်းအမ စသည့် မင်းနှင့် ပြည်သူအများတို့က မဟာဗောဓိပင်စိုက်ပျိုး ပူဇော်ပြီးသောအခါ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ဗောဓိပင်တွင် ဖလသမာပတ်ဝင်စားခါ ရင်ငွေ့လှုံပေးခြင်းဖြင့် “အာနန္ဒာဗောဓိပင်” ဟု အမည်တွင် ခဲ့သည်ကို မှတ်သားရပါကြောင်း၊ ဒီလိုနေ့ရက်အချိန်အခါမှာ သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရတော်မူဖို့ ဗောဓိပင်အား အမှီပြုကာ တရားအားထုတ်ခဲ့ရတာကြောင့် ဗောဓိပင်အား ရေသွန်းလောင်းခြင်း ကုသိုလ်ကောင်းမှု ပြုလုပ်ကြပါကြောင်း၊ ညောင်ရေသွန်းလောင်းကြတဲ့အလေ့အထသည် ကဆုန်လမှာ ရေရှားပါးပြတ်လပ်၍ ညှိုးလျော်အံ့ဆဲဖြစ်တဲ့ ဗောဓိပင်ကို လန်းဆန်းစိုပြေစေရန်အတွက် သွန်းလောင်းကြခြင်းဖြစ်ကြောင်း၊ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ယခုကျင်းပပြုလုပ်မည့် နေပြည်တော်၊ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး ပရိဝုဏ်တော်အတွင်း မြောက်ဘက်အရပ်ရှိ မဟာဗောဓိပင်တော်များအား (၁၃)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ခြင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက် ပထမဆုံးကျင်းပသည့် ညောင်ရေသွန်းပွဲတော်ဖြစ်ပြီး ဆရာတော်ကြီး(၅)ပါး ပင့်ဖိတ်ရန်၊ တက်ရောက်လာကြသည့် အကြီးအကဲများက ညောင်ရေသွန်းလောင်းခြင်း၊ ပြည်သူများက ညောင်ရေ သွန်းလောင်းခြင်းများ ဆောင်ရွက်နိုင်ရေး ပြင်ဆင်ထားရှိရန် လိုအပ်ပါကြောင်းနှင့် ကဆုန်ညောင်ရေ သွန်းလောင်းခြင်းမင်္ဂလာအခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက ကုသိုလ်ယူ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံလိုပါကြောင်း အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင် များ၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၁)လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့၊ ကွပ်ကဲရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ခြင်း မင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် လိုအပ်သည်များ ဆွေးနွေး တင်ပြခဲ့ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး က ဖြည့်စွက်ဆွေးနွေး ပြောကြား၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

 

(သတင်းစဉ်)