နေပြည်တော် မေ ၂၃
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်စင်သည် မေ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် မကွေးတိုင်းဒေသကြီး အတွင်းရှိ မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ မန်းရေနံမြေ၊ ထောက်ရှာပင်-ထန်းကိုင်း-ရေနံမရေနံမြေ၊ ရေနံချောင်းရေနံမြေ၊ ချောက်/လမ်းရွာ ရေနံမြေနှင့်ရေနံချောင်းမြို့ရှိ မော်တော်ယာဉ်သဘာဝဓာတ်ငွေ့ အရောင်းဆိုင် အမှတ်(၁) တို့ကို လည်းကောင်း၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ အမှတ် (၂) ရေနံချက်စက်ရုံ (ချောက်) နှင့် အမှတ် (၁) ရေနံဓာတ်ငွေ့ရည်စက်ရုံ (မင်းဘူး) တို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီးသည် အဆိုပါ ခရီးစဉ်အတွင်း ရေနံမြေများအတွင်းရှိ ထုတ်လုပ်လျက်ရှိသော ရေနံတွင်းများ၊ ထွက်ရှိသည့်ရေနံစိမ်းများကို လက်ခံသိုလှောင်ထားရှိသော သံကန်တန်းများ၊ ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ တိုးတက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုများ၊ ရေနံချက်စက်ရုံနှင့် ရေနံဓာတ်ငွေ့ရည် စက်ရုံများတွင် စက်ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက် နေမှုအခြေအနေများ၊ လုံခြုံရေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)