ရန်ကုန် မေ ၂
ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာကံဇော်သည် ယနေ့ နံနက် ၁၀ နာရီတွင် မြန်မာနိုင်ငံ စာရင်းကောင်စီ၊ မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင် များအသင်းမှ တာဝန်ရှိပုဂ္ဂိုလ် များကို ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံး၊ ရန်ကုန်သင်တန်းကျောင်း၌ တွေ့ဆုံသည်။
ကဏ္ဍပေါင်းစုံမှ ကြိုးပမ်း
တွေ့ဆုံစဉ်မြန်မာနိုင်ငံစာရင်း ကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်က နိုင်ငံတော် ခေတ်မီဖွံ့ဖြိုးတိုးတက်ရန်အတွက် ကဏ္ဍပေါင်းစုံမှ ဝိုင်းဝန်းကြိုးပမ်း လျက်ရှိရာတွင် စာရင်းပညာ နယ်ပယ် ဖွံ့ဖြိုးတိုးတက်မှုသည် လည်း နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက် ရန် လိုအပ်ချက်တစ်ရပ်ဖြစ်သည့် အားလျော်စွာ နိုင်ငံတကာစံများ နှင့်အညီ လိုက်နာဆောင်ရွက်မည့် စာရင်းပညာရှင်များ၊ စာရင်း ကျွမ်းကျင်သူများ ပိုမိုပေါ်ထွန်း လာစေရေးအတွက် မြန်မာနိုင်ငံ စာရင်းကောင်စီက Regulatory Body အဖြစ် အများပြည်သူသို့ စာရင်းဝန်ဆောင်မှုပေးသည့်စာရင်း လုပ်ငန်း လုပ်ကိုင်သူများကို ကြီးကြပ်ခြင်းမှတစ်ဆင့် ဆောင် ရွက်လျက်ရှိပါကြောင်း။
သင်တန်းများ ဖွင့်လှစ်နိုင်ရေး
စာရင်းပညာနယ်ပယ်ဖွံ့ဖြိုး တိုးတက်ရန်အတွက် အမျိုးသားအဆင့် စာရင်းပညာရှင်အဖွဲ့ အစည်းဖြစ်သည့် မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း (Myanmar Institute of Certified Public Accountants- MICPA) ၏ ပါဝင်မှုအခန်းကဏ္ဍသည် လွန်စွာအရေးပါခြင်း ကြောင့် MICPA အသင်းဝင်များ အနေဖြင့်နိုင်ငံတော်တည်ဆောက်ရေးတွင် မိမိတို့တတ်ကျွမ်းထား သည့်ပညာရပ်များဖြင့် ကျရာကဏ္ဍမှ ပါဝင်ကြိုးပမ်း ထမ်းဆောင်စေလိုကြောင်း၊ မြန်မာနိုင်ငံ စာရင်းကောင်စီ ပြန်လည်ဖွဲ့စည်းရန် အတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ လက်မှတ်ရပြည်သူ့ စာရင်းကိုင်သင်တန်းနှင့် ဒီပလိုမာစာရင်းကိုင် သင်တန်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေး
ယင်းနောက် မြန်မာနိုင်ငံ စာရင်းကောင်စီ၊ မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင် များအသင်းမှ နာယက ဦးဝင်းသင်၊ ဥက္ကဋ္ဌ ဦးဝမ်းတင်နှင့် တာဝန်ရှိသူများက စာရင်းပညာနယ်ပယ် ဖွံ့ဖြိုး တိုးတက်ရန်အတွက် လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်မှုများ၊ ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ကို ဆွေးနွေးကြပြီး မြန်မာနိုင်ငံ စာရင်းကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်