နေပြည်တော် မေ ၂၂
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးနှင့် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးတို့သည် ယနေ့နံနက်ပိုင်းတွင် မှော်ဘီမြို့နယ်ရှိ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ အမှတ်(၄)ဓာတ်မြေဩဇာစက်ရုံ (မြောင်းတကာ) စက်ရုံဝင်းအတွင်း တည်ထားကိုးကွယ်မည့် ဉာဏ်တော်(၁၈)တောင်ရှိ ရွှေတိဂုံစေတီတော်ပုံတူ အောင်မြေ လောကရန်ကင်း စေတီတော်ပန္နက်တင်နှင့် အုတ်မြစ်စီမင်္ဂလာအခန်းအနားသို့ တက်ရောက်၍ မင်္ဂလာပန္နက်တင်ခြင်းနှင့် အုတ်မြစ်စီခြင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံအတွင်းရှိ ယူရီးယားဖြန့်ဖြူးရေးဌာနတွင် ယူရီးယားဓာတ်မြေဩဇာများ ထုတ်လုပ်ဖြန့်ဖြူးနေမှု၊ ပင်မထိန်းချုပ်ခန်းတွင် Distributed Control System (DCS) စနစ်ဖြင့် စက်ရုံထိန်းချုပ် လည်ပတ်နေမှု၊ ဓာတ်ခွဲခန်းများတွင် အရည်အသွေးတိုင်းတာစစ်ဆေးနေမှုနှင့် ယူရီးယားဓာတ်မြေသြဇာထုပ်ပိုးနေမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲ ရေးဦးစီးဌာန၊ မြောင်းတကာပင်မ ဓာတ်အားခွဲရုံသို့ရောက်ရှိပြီး ဓာတ်အားခွဲရုံအတွင်းရှိ ဓာတ်အား ထိန်းချုပ်ခန်းအတွင်း ဓာတ်အားဖြန့်ဖြူးပေးနေမှု၊ Switch Yard အတွင်း တည်ဆောက်လျက်ရှိ သော ၂၃၀ ကေဗွီ ရွှေတောင်-မြောင်းတကာ ဓာတ်အားလိုင်းအား ပြုပြင်တည်ဆောက်နေမှုနှင့် ၂၃၀/၆၆/၁၁ ကေဗွီ ၁၅၀ အမ်ဗွီအေ ထရန်စဖော်မာ တိုးချဲ့တပ်ဆင်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ်ရှိ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ အသုံးချသုတေသနဓာတ်ခွဲခန်း(ထောက်ကြန့်)သို့ ရောက်ရှိရာ အစည်းအဝေး ခန်းမတွင် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်နေမှု အခြေ အနေအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဓာတ်ခွဲသုတေသနပြုမှုနှင့် ပတ်သက်၍ မျိုးဆက်သစ်ဝန်ထမ်းများ သင်တန်းများပို့ချပေးရန်နှင့် နည်းပညာများအား လက်ဆင့်ကမ်း မျှဝေပေးရန် လိုအပ်ကြောင်း၊ ရေနံရှာဖွေတူးဖော်ထုတ်လုပ်ခြင်းအတွက် ဆိုက်စမစ်တိုင်း တာခြင်း၊ တွင်းတူးဖော်ခြင်းများ ဆောင်ရွက်ရမည်ဖြစ်သလို ယင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပံ့ပိုးပေးနေသော အသုံးချသုတေသနဌာနအား တစ်ပြိုင်နက်တည်း အဆင့်မြှင့်တင်သွားရန် လိုအပ်ကြောင်းမှာကြားပြီး သုတေသနဌာနခွဲအတွင်း ဓာတ်ခွဲခန်းများအလိုက် ဓာတ်ခွဲစမ်းသပ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများနှင့် Core Sample များထားရှိသည့် ဂိုဒေါင်အတွင်း Core Sample များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)