Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မကွေးတိုင်းဒေကြီးအတွင်း လုပ်ငန်းများကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၂၂ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် မေ ၂၁ ရက် မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် တွေ့ဆုံ၍ ၂၀၂၁ ခုနှစ် မိုးရာသီ၌ မကွေးတိုင်းဒေသကြီးအတွင်း လမ်းဘေးဝဲ/ယာ တစ်အုပ်တစ်မစိုက်ခင်းနှင့် ကျေးရွာသုံး ထင်းစိုက်ခင်းများတည်ထောင်မည့် စီမံချက်များ အောင်မြင်စေရေးနှင့် မကွေးတိုင်း ဒေသကြီး အတွင်းရှိ ထန်းပင်များ မျိုးသုဉ်းပျောက်ကွယ်မှု မရှိစေရေး၊ ရေရှည်တည်တံ့စေရေးတို့အတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီနှင့် အပြန်အလှန်ပေါင်းစပ်ကူညီရမည့် ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေး သည်။ ယင်းနောက် တက်ရောက်သူများက ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌတို့က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ သစ်တော သုတေသနဌာန၏ ဒီဇိုင်းနှင့် နည်းပညာ အကူအညီဖြင့် တည်ထောင်ထားသော ထင်းလောင်စာ သုံးစွဲမှုကို ၄၀ ရာခိုင်နှုန်းလျော့ချနိုင်သည့် မြန်မာမြေစွမ်းအားမြှင့် အေဝမ်းမီးဖို ထုတ်လုပ်ရေး လုပ်ငန်းခွင်သို့လည်းကောင်း၊ မင်းဘူးမြို့နယ်ရှိ ရွှေတပင် အမြဲတမ်းပျိုးဥယျာဉ်တွင် ၂၀၂၁ခုနှစ် မိုးရာသီတွင် စိုက်ပျိုးရန် ပျိုးထောင်ထားရှိသော ပျိုးပင် (၄၀၀၀၀)ကျော်၏ ရှင်သန်မှုများကို လည်းကောင်း၊ မွန်းလွဲပိုင်းတွင် မင်းဘူးမြို့နယ် ဆင်ခေါင်း-ဇီးအိုင် ကြိုးပြင်ကာကွယ်တော အတွင်း တည်ထောင်စိုက်ပျိုးထားသော ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် တောင်တန်းစိုက်ခင်း ဧက (၁၀၀) အောင်မြင်ရှင်သန်မှုနှင့် ၂၀၂၁ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးမည့် ဧက (၁၀၀) အတွက် စီစဉ်ဆောင်ရွက် ထားရှိမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ် တည်ဘိုကန် ကြိုးပြင်ကာကွယ်တောအတွင်း တည်ထောင်ထားသော ၂၀၁၉ခုနှစ် ကျေးရွာသုံးထင်းစိုက်ခင်း ဧက (၃၀)၊ ၂၀၂၀ပြည့်နှစ် ကျေးရွာသုံးထင်းစိုက်ခင်း ဧက (၃၀) တို့၏ အောင်မြင်ဖြစ်ထွန်းမှုနှင့် ၂၀၂၁ခုနှစ် မိုးရာသီတွင် စိုက်ပျိုးမည့် ဧက(၃၀)အတွက် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေး သည်။ အဆိုပါ စိုက်ခင်းများကို ကျေးရွာ(၃)ရွာရှိ အိမ်ထောင်စု (၁၈၀၀)အတွက် ထင်းအသုံး ပြုနိုင်ရန် လွှဲအပ်မည်ဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)