နေပြည်တော် မေ ၂၂ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး သည် ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စိုက်ပျိုးရေးဦးစီးဌာန နဝရတ်ခန်းမ၌ တွေ့ဆုံသည်။ တွေ့ဆုံစဉ် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါ ကိုဗစ်-၁၉ အား အမြစ်ပြတ်ကုသနိုင်သည့် ဆေးဝါးများမရရှိသေးမီ ကာကွယ်ရေးနည်းလမ်းများဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက်ဆောင်ရွက်သွားရန် လိုအပ် ကြောင်း၊ စားနပ်ရိက္ခာ ဖူလုံရေးနှင့် ပို့ကုန်တိုးမြှင့်ရေးအတွက် ရာသီအလိုက် စဉ်ဆက်မပြတ် ဆောင်ရွက်နေရသော လုပ်ငန်းများဖြစ်ရာ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ နည်းပညာ အသိပညာ ပြန့်ပွားရေးနှင့် သတင်းအချက်အလက်မျှဝေပေးခြင်း လုပ်ငန်းများမှာ အချိန်ကာလ စောင့်ဆိုင်း နေ၍မရကြောင်း၊ သို့ဖြစ်ရာ ကွင်းသရုပ်ပြပွဲများ၊ နည်းပညာပေးသင်တန်းများနှင့် ဆွေးနွေးပွဲများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ အမြန်ဆုံး စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။ နိုင်ငံဝန်ထမ်းများစိတ်ပိုင်း ရုပ်ပိုင်း ကျန်းမာဖွံ့ဖြိုးရေး၊ ဝန်ထမ်းအချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်နိုင်ရေး တို့ကို ရည်ရွယ်၍ ဌာနအလိုက် အားကစား နည်းများအလိုက် တာဝန်ယူ လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ အားလုံးပါဝင်ပြီး တက်ကြွ လန်းဆန်းသော ဝန်းကျင်အဖြစ် ဖော်ဆောင်နိုင်ရေး မျှော်မှန်းဆောင်ရွက်ခြင်းဖြစ်သော်လည်း တစ်ချိန်က ပြည်တွင်း ပြည်ပ အားကစားပြိုင်ပွဲများတွင် ဂုဏ်ဆောင်နိုင်ခဲ့သော မိမိတို့ဝန်ကြီးဌာန ၏ အစဉ်အလာကို ပြန်လည်ဖော်ဆောင်ပေးနိုင်သည့် အားကစားသမားများ ပေါ်ထွန်း လာပါကလည်း ထိုက်ထိုက်တန်တန် ချီးမြှောက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ယင်းနောက် ဌာနအလိုက် တာဝန်ယူဆောင်ရွက်မည့် နည်းပညာပြန့်ပွားရေးဆိုင်ရာ ကိစ္စရပ်များ၊ အားကစားဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရေးဆိုင်ရာ အစီအမံများကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (သတင်းစဉ်)