ရန်ကုန် မေ ၂၁
ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးနှင့် ကောင်စီဝင်များသည် သာသနာ ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေး ကုန်းမြေ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယဆရာ တော်ကြီး ၁၀ ပါး၊ ကြီးကြပ်ရေး ဆရာတော်ကြီး လေးပါး၊ ပုစ္ဆကဆရာတော် လေးပါး နှင့် (၇၃)ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေး(သဘောရေး)စာမေးပွဲ ဖြေဆိုလျက် ရှိကြသော စာဖြေသံဃာ ၇၈ ပါးတို့အား ဖူးမြော် ကြည်ညို၍ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။
ဝင်ရောက်ဖြေဆို
ယနေ့ကျင်းပသည့်(၇၃)ကြိမ်မြောက် တိပိဋက ဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး(သဘော ရေးဖြေ) စာမေးပွဲသို့ အဘိဓမ္မာ(နောက်ပိုင်း) စာဖြေ သံဃာ ခြောက်ပါး၊ အဘိဓမ္မာ (ရှေ့ပိုင်း)စာဖြေသံဃာ ခြောက်ပါး၊ ဒီဃနိကာယ် စာဖြေသံဃာ ၂၄ ပါး၊ ဝိနည်း (နောက်ပိုင်း) စာဖြေသံဃာ ၄၂ပါး စုစုပေါင်း စာဖြေသံဃာ ၇၈ ပါး ဝင်ရောက်ဖြေဆိုလျက် ရှိသည်။
တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကို ဗုဒ္ဓဘာသာသာသနာတော်၌ ဘုန်းကံ ပါရမီထူး၊ ဉာဏ်ပညာထူးနှင့်ပြည့်စုံသော ပုဂ္ဂိုလ်ထူး တို့ကို ဖော်ထုတ်ရေး၊ ပရိယတ္တိ သာသနာတော်ကို အားပေးချီးမြှောက်ရာတွင် အထက်တန်းအကျဆုံး ချီးမြှောက်ရေး၊ သာသနာတော်၌ ဓမ္မစေတီထိုက် သော ပိဋကနှုတ်ငုံဆောင်ပုဂ္ဂိုလ်ထူးတို့ကို ဖော်ထုတ် ပူဇော်ရေးဟူသော ရည်ရွယ်ချက်တို့ဖြင့် ၁၃၁၀ ပြည့်နှစ်မှစတင်၍ နှစ်စဉ်မပျက် ကျင်းပလာခဲ့ရာ ယခုကျင်းပသော စာမေးပွဲကြီးသည် (၇၃)ကြိမ်တိုင် အထိ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
၅ ရက်တိုင်တိုင် ကျင်းပ
အဆိုပါ (၇၃)ကြိမ်မြောက် တိပိဋကဓရတိပိဋက ကောဝိဒ ရွေးချယ်ရေး(သဘောရေးဖြေ) စာမေးပွဲ ကြီးကို ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ မေ၁၇ ရက် မှ ၂၁ ရက်အထိ ၅ ရက်တိုင်တိုင် ကျင်းပခဲ့ရာ ယနေ့ သည် စာမေးပွဲနောက်ဆုံးရက်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်