နေပြည်တော် မေ ၂၁
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ ကနဦးလိုအပ်ချက် စစ်တမ်းကောက်ယူ ရေး၊ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက် များ ဆန်းစစ်ဖော်ထုတ်ရေး လုပ်ငန်းကော်မတီ (၁/၂၀၂၁) အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၆) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အမှာစကားပြောကြား
အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က အဖွင့်အမှာစကားပြောကြားပြီး လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ဗဟိုစာရင်းအင်း အဖွဲ့ ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းကော်မတီ၏ ဆောင်ရွက်ချက်များ၊ တိုးတက်မှုများနှင့် ၂၀၂၁ ခုနှစ် တွင် တိုင်းဒေသကြီး/ ပြည်နယ် (၁၅) ခုတို့၌ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စစ်တမ်းကောက်ယူရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ လုပ်ငန်းကော်မတီအဖွဲ့ဝင်များက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လုပ်ငန်းဆောင် ရွက်မှုများ၊ တွေ့ကြုံရသည့်အခက်အခဲများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စစ်တမ်းကောက်ယူ ရေးကိစ္စရပ်များအား ဆွေးနွေးတင်ပြကြသည်။
ရန်ပုံငွေသုံးစွဲမှုဆိုင်ရာများမှာကြား
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သဘာဝ ဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်းမရသည့် အတွက် ဖြစ်ပေါ်လာပါက ထိခိုက်မှုအနည်းဆုံးဖြစ် စေရေးအတွက် ကြိုတင်ပြင်ဆင် ထားနိုင်သည့်ကိစ္စ များကို ကြိုတင်ပြင်ဆင် ထားရေး၊ လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များနှင့်အညီ ဗဟိုကော်မတီကို အထောက် အကူပြုစေရေး၊ စာရင်းကောက်ယူမည့်ပုံစံ များနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ပြည်နယ်/ တိုင်းဒေသကြီး စီမံအုပ်ချုပ်မှုကောင်စီအဖွဲ့ဝင်များနှင့် ချိတ်ဆက်ဆောင်ရွက်ရေး၊ Mobile Team များ ဖွဲ့စည်း၍ လေ့ကျင့်ဆောင်ရွက်ထားရေး၊ ဆက်သွယ် ရေး ကွန်ရက်များ တည်ဆောက်ထားရေး၊ စစ်တမ်း အစီရင်ခံစာအား ဆောလျင်စွာ ထုတ်ပြန်နိုင်ရေး၊ အချက်အလက်များမှန်ကန်စေရန် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရေး၊ ပိုမိုပြည့်စုံမှန်ကန်သည့် စစ်တမ်း ဖြစ်စေရေးနှင့် ရန်ပုံငွေသုံးစွဲမှုဆိုင်ရာကိစ္စများကို မှာကြားသည်။
အစည်းအဝေးသို့ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ စီမံကိန်းဦးစီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီး ဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တို့မှ လုပ်ငန်းကော်မတီအဖွဲ့ဝင် များ၊ တိုင်းဒေသကြီး/ ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူးများနှင့် ဗဟိုစာရင်းအင်းအဖွဲ့ မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်