နေပြည်တော် မေ ၂၁
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် မေ ၂၁ ရက် နံနက်ပိုင်းတွင် နတ်မောက်မြို့နယ်ရှိ မဂူလကာကွယ်တောရှိ ၃/၂၀၂၀ အခြားစိုက်ခင်း (၂၅)ဧကနှင့် တောင်တွင်း ကြီးမြို့နယ်၊ ဗိဿနိုးကြိုးပြင်ကာကွယ်တောအတွင်း ၂၀၁၉ ခုနှစ် မိုးရာသီ အထူးစိမ်း တစ်အုပ်တစ်မစိုက်ခင်းအပင် (၁၅၀၀)၊ ၂၀၂၀ ခုနှစ် မိုးရာသီ အထူးစိမ်း တစ်အုပ်တစ်မစိုက်ခင်းအပင် (၈၀၀၀)၏ ရှင်သန်အောင်မြင်မှု အခြေအနေနှင့် ၂၀၂၁ ခုနှစ် မိုးရာသီတွင်စိုက်ပျိုးမည့် တစ်အုပ်တစ်မစိုက်ခင်း အပင်(၃၅၀၀) အတွက် လုပ်ငန်းဆောင်ရွက် ထားရှိမှုနှင့် တောင်တွင်းကြီးမြို့နယ် သစ်တောဦးစီးဌာနက တည်ထောင်ထားသော ကုက္ကိုခွ ပျိုးဥယျာဉ်အတွင်း ပျိုးထောင်ထားရှိသော သစ်မျိုး (၂၄)မျိုး၊ ပျိုးပင်(၂၅၁၀၀) ရှင်သန်ဖြစ်ထွန်းမှု များကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးတွင် ဝန်ကြီးဌာနအောက်ရှိ သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ သတ္တုတွင်းဦးစီး ဌာနတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လက်ရှိ မြန်မာနိုင်ငံအခြေအနေနှင့် နိုင်ငံ့ဝန်ထမ်းများ လိုက်နာ ဆောင်ရွက်ရမည့် တာဝန်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန၊ ဦးစီးဌာန၊ လုပ်ငန်းများအလိုက် မူဝါဒများ၊ ရည်မှန်းချက် တာဝန်များ ရှိပြီးဖြစ်၍ အောင်မြင်အောင် ဆက်လက် ဆောင်ရွက်သွားရန် ယင်းသို့ ဆောင်ရွက်ခြင်းသည် တိုင်းပြည်နှင့် ပြည်သူပြည်သားများ၏ အကျိုးကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဌာန၊ လုပ်ငန်းအလိုက် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ဌာနဆိုင်ရာ ညွှန်ကြားချက်များ ရှိပြီးဖြစ်၍ လိုက်နာဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ဥပဒေများ သည် တိုက်တွန်းချက်၊ တားမြစ်ချက်များဖြစ်သဖြင့် အလေးထားလိုက်နာရန် လိုအပ်ကြောင်းနှင့် ရည်မှန်းချက်တာဝန်ကို အောင်မြင်အောင်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)