နေပြည်တော် မေ ၂၁
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ မသန်စွမ်းသူ များနှင့် အသက်(၈၅)နှစ်အထက် သက်ကြီးရွယ်အိုများအတွက် ထောက်ပံ့ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဗျူဟာသာသနာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။ အခမ်းအနားသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာ မောင်မောင်နိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ဒုတိယ မြို့တော်ဝန် ဦးမောင်မောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အသက်(၈၅)နှစ်အထက် ဘိုးဘွားများနှင့် မသန်စွမ်း ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီး ဌာန(၃)ခုဖြင့် ပြည်သူ့ရေးရာဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်းလုပ်ငန်း(၇)ရပ်သတ်မှတ်၍ ပြည်သူများ ၏ လူမှုရေးဆိုင်ရာဝန်ဆောင်မှုများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၎င်းလုပ်ငန်း များ မှာ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်း၊ လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ သက်ကြီးရွယ်အိုများ ဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်း၊ မသန်စွမ်းသူများပြုစု စောင့်ရှောက်ရေးလုပ်ငန်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကို ထောက်ပံ့ရေးနှင့်ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် လုပ်ငန်းများ ကြိုးစားအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အခြေခံကျသော စာရင်းဇယားအချက်အလက်များ ရရှိနိုင်ရေးနှင့် အကျိုးခံစားခွင့်ရှိသည့် ပြည်သူများလက်ဝယ် အရောက် ထောက်ပံ့နိုင်ရေး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြသည့် ဒေသအာဏာပိုင် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် သက်ဆိုင်သူအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံးက ဆက်လက်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာမောင်မောင်နိုင်နှင့် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်တို့က ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ အတွက်ထောက်ပံ့ငွေ၊ အသက်(၈၅)နှစ် အထက် သက်ကြီးရွယ်အို (၅၂၉၇) ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေနှင့်မသန်စွမ်းသူ (၉၀၂)ဦးအတွက် ထောက်ပံ့ငွေထောက်ပံ့ငွေ စုစုပေါင်းငွေကျပ် (၄၂၁၆ ဒသမ ၅၃ သိန်း)တိတိကို နေပြည်တော်ကောင်စီဥက္ကဌနှင့် တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ကြသည်။ ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ အတွက် စုစုပေါင်းထောက်ပံ့ငွေ ကျပ်(၂၃၅၆ ဒသမ ၈၃)သိန်းကို စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ ကိုယ်စား ဂေဟာမှူးတစ်ဦးထံလည်းကောင်း၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်က မသန်စွမ်းသူ (၉၀၂)ဦးအတွက် ထောက်ပံ့ငွေကျပ်(၂၇၀ ဒသမ ၆)သိန်းကို မသန်စွမ်းကိုယ်စားလှယ်တစ်ဦး ထံသို့လည်းကောင်း ထောက်ပံ့ပေးအပ်ကြသည်။ ထို့နောက် တက်ရောက်လာသူများ ကိုယ်စား ဥတ္တရသီရိမြို့နယ်၊မြတ်ပညာပရဟိတဂေဟာမှ ဂေဟာမှူးဒေါ်စိုးစိုးခိုင် က ကျေးဇူးတင် စကားပြန်လည်ပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ က တက်ရောက်လာသည့် ဘိုးဘွားများနှင့် မသန်စွမ်းပုဂ္ဂိုလ်များထံ ထောက်ပံ့ငွေ များကို လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)