Skip to main content

ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီး မွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၂၁ 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် မေ ၁၈ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ၊ ပျားရည် သန့်စင်အလုပ်ရုံနှင့် ပျားထွက်ပစ္စည်း အလုပ်ရုံများတွင် ပျားမွေးမြူရေး၊ ပျားရည်ထုတ် လုပ်ရေး၊ လေ့ကျင့်ပညာပေးရေး၊ သုတေသနလုပ်ငန်းနှင့် ပုဂ္ဂလိကကဏ္ဍ ပျားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မင်္ဂလာဒုံမြို့နယ်၊ ပေါင်းငူရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိရစ္ဆာန်မွေးမြူမှုဖွံ့ဖြိုးရေးဌာနစုတွင် မျိုးရည်ထုတ် နွားသိုးများ မွေးမြူခြင်း၊ မျိုးရည်ခဲချောင်းများထုတ်လုပ်ခြင်း၊ မျိုးရည်ခဲချောင်းများ ဖြန့်ဖြူးခြင်း၊ နိုက်ထရိုဂျင်အရည် ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ လေ့ကျင့်ပညာပေးခြင်းလုပ်ငန်း ဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

တိရစ္ဆာန် မွေးမြူမှုဖွံ့ဖြိုးရေးဌာနစုအနေဖြင့် မျိုးသန့်နွားသိုးငယ်များ ပြုစုပျိုး ထောင်ခြင်း၊ မျိုးရည်ခဲချောင်းထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ နွားမေထုန်မဲ့ သားစပ်ကျွမ်းကျင်သူ သင်တန်းများ ဖွင့်လှစ်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်အတွင်း နို့စားနွားမျိုးရည်ခဲချောင်း (၄၀၀၀၀)၊ အသားစားနွား (၅၀၀၀)၊ ခိုင်းနွား ၅၈၀၀၀၊ စုစုပေါင်းမျိုးရည်ခဲချောင်း (၁၀၃၀၀၀) ချောင်း ထုတ်လုပ်ရန်လျာထား ဆောင်ရွက်လျက်ရှိပြီး မေထုန်မဲ့သားစပ်သင်တန်းများကိုလည်း ဖွင့်လှစ်သွားမည် ဖြစ်သည်။ 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တိရစ္ဆာန်အစာနှင့် ဆေးဝါးသုတေသန ဌာနစိတ်တွင် တိရစ္ဆာန်ကာကွယ်ဆေးများ၊ ကုသဆေးများ၊ အားဖြည့်ဆေးများနှင့် တိရစ္ဆာန်အစာထုတ်လုပ်မှုများကို ကြည့်ရှုစစ်ဆေးကြပြီး ဒုတိယဝန်ကြီး က အရည်အသွေး ကောင်းမွန်သော တိရစ္ဆာန်ဆေးဝါးပစ္စည်းများ ထုတ်လုပ်နိုင်ရေးနှင့် အာဟာရပြည့်ဝသော စံချိန်စံညွှန်းမီ တိရစ္ဆာန်အစာများ တိုးမြှင့်ထုတ်လုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို တာဝန်ရှိသူ များအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)