Skip to main content

မြန်မာနိုင်ငံတွင် ပိုးသတ်ဆေး (၃၉၆၁)မျိုးကို မှတ်ပုံတင်ခွင့်ပြုပေးထား

မြန်မာနိုင်ငံတွင် ပိုးသတ်ဆေး (၃၉၆၁)မျိုးကို မှတ်ပုံတင်ခွင့်ပြုပေးထား နေပြည်တော် ၊ မေ ၂၁ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၃၃)ကြိမ်မြောက် အစည်းအဝေးကို မေ ၂၀ ရက် မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပိုးသတ်ဆေးသုံးစွဲ သူများ ဘေးအန္တရာယ်ကင်းရှင်းရန်၊ စားသုံးသူများနှင့် သဘာဝပတ်ဝန်းကျင် ဘေးအန္တရာယ် ကင်းရှင်းရန်တို့ကို ရည်ရွယ်ပြဌာန်းထားသော ပိုးသတ်ဆေး ဥပဒေနှင့်အညီ မှတ်ပုံတင်ခွင့်တောင်းခံလာသည့် ပိုးသတ်ဆေးများနှင့် ပတ်သက်၍ သုံးစွဲမည့် သီးနှံများနှင့် ပိုးမွှားရောဂါများအပေါ် ထိရောက်မှု ၊ ဓါတ်ကြွင်းအာနိသင်နှင့် ပတ်ဝန်းကျင် အပေါ် ထိခိုက်မှုအနည်းဆုံးဖြစ်စေရေး စိစစ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သီးနှံအထွက်နှုန်း တိုးရေးသာမက စားသုံးသူဘေးကင်း လုံခြုံရေးနှင့် ပြည်ပဈေးကွက်၏ သတ်မှတ်စံနှုန်း များနှင့် ညီညွတ်သည့် စိုက်ပျိုးရေးထွက်ကုန်များ ထုတ်လုပ်နိုင်ရေးသည် ပိုးသတ်ဆေးများ အပေါ် များစွာတည်မီနေကြောင်း ပြောကြားသည်။ မြန်မာနိုင်ငံတွင် ပိုးသတ်ဆေးစုစုပေါင်း(၃၉၆၁)မျိုးကို မှတ်ပုံတင်ခွင့်ပြုပေးထားပြီး ယနေ့ကျင်းပသည့် ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့ ၏ (၃၃)ကြိမ်မြောက် အစည်းအဝေးတွင် ပိုးသတ်ဆေးအမျိုးပေါင်း(၁၅၂)မျိုး၏ နည်းပညာအချက်အလက်များ အပေါ် စိစစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့သည် ပိုးသတ်ဆေးမှတ်ပုံ တင်လုပ်ငန်းများအပြင် တင်သွင်းတင်ပို့ ထုတ်လုပ်သိုလှောင် ဖြန့်ချီ ရောင်းဝယ်ခြင်း လုပ်ငန်းများတွင် အရည်အသွေး စံချိန်စံညွှန်းများ ကိုက်ညီရေး၊ အတုအပ ကင်းစင် ရေးအတွက် ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ကြပ် မတ်ခြင်း၊ ပိုးသတ်ဆေး စနစ်တကျသုံးစွဲရေးအတွက် ပညာပေးခြင် းလုပ်ငန်းများ၊ ပိုးသတ်ဆေး ဓါတ်ခွဲခန်းများ တိုးချဲ့ခြင်းများကို ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။ (သတင်းစဉ်)