သိန်းထွန်း (IR)
ဆန်းစစ်ဝေဖန်စာဖတ်ခြင်း (critical reading) သည် ပိုမိုတက်ကြွသည့် စာဖတ်နည်းလမ်းလမ်းတစ်ရပ် ဖြစ်သည်။ ယင်းမှာ စာသားအကြောင်းအရာများကို ပို၍ နက်နဲထိရောက်စွာ စာဖတ်ခြင်းဖြစ်သည်။
ဆန်းစစ်ဝေဖန်စာဖတ်ခြင်းသည် ခွဲခြမ်းစိတ်ဖြာခြင်း၊ အဓိပ္ပာယ် ကောက်ယူခြင်းနှင့် တစ်ခါတစ်ရံ အကဲဖြတ်ခြင်း လုပ်ငန်းစဉ်တစ်ရပ်လည်း ဖြစ်သည်။ မိမိတို့သည် စာများအား ဆန်းစစ်ဝေဖန်မှုနှင့် ဖတ်သည့်အခါ မိမိဖတ်သည့် အကြောင်းအရာနှင့် ကိုယ်တိုင်တွေးခေါ်ခြင်း နှစ်ခုစလုံးအား သုံးသပ်နိုင်ရန် ဆန်းစစ်ဝေဖန်စဉ်းစားခြင်း (critical thinking) ဆိုင်ရာ ကျွမ်းကျင်မှုများကို အသုံးပြုကြသည်။
သို့သော် ဆန်းစစ်ဝေဖန်စာဖတ်ခြင်းသည် အပြစ်ရှာရန်မဟုတ်ချေ။ ခိုင်မာသော အထောက်အထားနှင့် ကျိုးကြောင်းခိုင်လုံမှုကို သုံးသပ်နိုင် ရန်ဖြစ်သည်။
ကိုယ်ပိုင်စဉ်းစားတွေးခေါ်နိုင်စွမ်း တိုးတက်စေမည်
ဆန်းစစ်ဝေဖန်စာဖတ်ခြင်းသည် ကျောင်းသား ကျောင်းသူများအတွက်သာ မဟုတ်။ အသက်အရွယ်မရွေး စာဖတ်ကြသူတိုင်းအတွက် ဖြစ်သည်။ ယင်းမှာ အသုံးဝင်၍ စဉ်းစားတွေးခေါ်မှုကို ပိုမိုအားကောင်း လာစေပါသည်။ ထိုသို့စဉ်းစားတွေးခေါ်မှုအားကောင်းလာခြင်းနှင့်အတူ အမှား၊ အမှန် ဆုံးဖြတ်နိုင်စွမ်း၊ ကိုယ်ပိုင်စဉ်းစားတွေးခေါ်နိုင်စွမ်း တို့ကိုလည်း တိုးတက်စေမည်ဖြစ်သည်။ ။
ဆန်းစစ်ဝေဖန်စာဖတ်ခြင်းဖြင့် စာမဖတ်မီ စဉ်းစားရမည့် အချက်များ၊ စာဖတ်နေစဉ် စဉ်းစားရမည့် အချက်များနှင့် စာဖတ်ပြီးနောက် စဉ်းစားသုံးသပ်ရမည့် အချက်များကို သိရှိလာစေမည်ဖြစ်သည်။ ဥပမာအားဖြင့် စာမဖတ်မီ မိမိဖတ်မည့်စာ အကြောင်းအရာသည် မည်မျှယုံကြည်အားထားရသည်၊ မည်သူရေးသည်၊ စာရေးသူ အကြောင်းမည်မျှအထိ သိသည်၊ ထိုစာရေးသူအပေါ် မည်မျှအထိ ယုံကြည်အားထားရသည်၊ စာရေးသူသည် ဘက်လိုက်တတ်သည့် အဂတိတရား ရှိ/မရှိ၊ မိမိဖတ်မည့် စာအကြောင်းအရာနှင့်ပတ်သက်၍ ယခင်သိရှိနားလည်ထားမှု၊ စာပါအကြောင်းအရာများကို မည်သူအား ရည်ရွယ်ရေးသားထားသည်တို့ကို ရှင်းရှင်းလင်းလင်း သိရှိထားရန် လိုအပ်မည် ဖြစ်သည်။
စာဖတ်နေစဉ်အတွင်း ဆန်းစစ်ဝေဖန်ရန်တွင် မိမိကိုယ်တိုင်၏ ရပ်တည်ချက် သို့မဟုတ်အခြေအနေ ဖြစ်သည်။ မိမိဖတ်နေသည့်စာနှင့် ပတ်သက်၍ မိမိကိုယ်တိုင်အတွေ့အကြုံများနှင့်အခြား ဖတ်ရှုလေ့လာ ထားမှုများကိုလည်း ဆန်းစစ်ရမည်ဖြစ်သည်။ ထို့အပြင် မိမိဖတ်နေသည့် စာများကို မည်သို့ရေးသား ဖော်ပြထားသည်၊ မည်သူ၏ရှုထောင့် အမြင်မှ ရေးသားတင်ပြထားသည်။
ယင်းတို့သည် ယုံကြည်အားထားရမှုရှိ/မရှိ သို့မဟုတ်ဘက်လိုက် ရေးသားထားမှု ရှိ/မရှိ၊ စာပါ အယူအဆအတွေးအခေါ်များကို မည်သို့ မည်ပုံဖော်ပြထားပြီး ယုံကြည်ရန် သင့်မသင့်၊ စာပါ အထောက် အထားများနှင့် ဆွေးနွေးဖော်ပြထားမှုများသည် ခိုင်ခိုင်မာမာတင်ပြ ထားမှုရှိ/မရှိ၊ ယင်းအပေါ် အခြားသူများ၏ထောက်ခံမှု၊ စိတ်ခံစားမှု သို့မဟုတ် ကျိုးကြောင်းဆီလျော်မှု သို့မဟုတ် ဘက်လိုက်မှု ရှိ/မရှိ၊ မိမိအနေဖြင့် စာရေးသူနှင့် သဘောထားတိုက်ဆိုင်မှုရှိ/မရှိ၊ မည်သည့် အတွက်ကြောင့် သဘောထားတိုက်ဆိုင်သည် သို့မဟုတ် မတိုက်ဆိုင် သည်၊ စာပါအကြောင်းအရာများကို မိမိဖတ်ဖူးသည့် အခြားသော စာများနှင့် နှိုင်းယှဉ်ကြည့်ပါက မည်သည့်စာကို ပိုမိုသဘောကျသည် သို့မဟုတ် သဘောမကျသည်၊ စာပါအကြောင်းအရာများသည် အခြေအနေ၊ အချိန်အခါနှင့် ကိုက်ညီသည် သို့မဟုတ် မကိုက်ညီသည်။ စာပါအကြောင်းအရာ၊ အတွေးအခေါ်၊ ယူဆချက်များသည် မိမိ အတွက်ဖြစ်စေ၊ မိမိပတ်ဝန်းကျင်အတွက် ဖြစ်စေ၊ မိမိနိုင်ငံအတွက် ဖြစ်စေ သင့်လျော်မှု ရှိ/မရှိ စသည်တို့ ထည့်သွင်းစဉ်းစားနိုင်ပါသည်။ စာဖတ်ပြီးသည့်နောက် ဆန်းစစ်သုံးသပ်ရန် အချက်များတွင် ဥပမာ အားဖြင့် စာတစ်ပုဒ်အား ဖတ်ရှုပြီးနောက်တွင် ယင်းစာ၏ အဓိက ဆိုလိုရင်းအယူအဆများနှင့် မိမိရရှိသည့်အယူအဆ၊ အတွေးအခေါ် အသစ်များကို ပြန်လည်သုံးသပ်ရမည် ဖြစ်သည်။ စာပါ အဓိကဆိုလို ရင်း သို့မဟုတ် စာမှပေးသော အယူအဆ၊ စာ၏နောက်ကွယ်မှ အယူ အဆ သို့မဟုတ် ရည်ရွယ်ချက်၊ ထိုစာများသည် မိမိနှင့် ဆက်စပ်မှုရှိ/ မရှိ၊ မိမိအတွက် အသုံးဝင်နိုင်မှု ရှိ/မရှိ၊ မိမိဖတ်ရှုသော အကြောင်းအရာအပေါ် အခြားသူများ၏ထင်မြင်ယူဆချက်များ၊ စာပါအကြောင်း အရာများသည် အပြုသဘော သို့မဟုတ် အပျက်သဘော အခြေအနေ၊ ယင်းစာဖတ်ခြင်းဖြင့် ဖြစ်လာနိုင်သည့် ကောင်းကျိုး ဆိုးကျိုး အကျိုးဆက်များ စသည်တို့မှာလည်း ဆန်းစစ်ဝေဖန် စာဖတ်ရာတွင် အသုံးဝင်သည့် အချက်များဖြစ်ပါသည်။
မိမိတို့ဖတ်သော သို့မဟုတ် ဖတ်မိသော စာများဆိုသည်ကလည်း ရေးသားသူ အမျိုးမျိုး၊ ရည်ရွယ်ချက်အမျိုးမျိုး၊ နောက်ကွယ်မှ ရည်ရွယ်ချက်များ၊ အကြောင်းအရာ အမျိုးမျိုး၊ ရည်ရွယ်သောသူ အမျိုးမျိုး၊ ရေးသားပုံအမျိုးမျိုး ရှိတတ်ကြသည်ဖြစ်ရာ ယင်းတို့ကို ဆန်းစစ်ဝေဖန်စာဖတ်ခြင်းဖြင့် မိမိဖတ်သောစာ၏ ကျိုးကြောင်း ဆီလျော်မှု ရှိ/မရှိ၊ အချိန်ကာလနှင့် ကိုက်ညီမှုရှိ/မရှိ၊ အပြုသဘော၊ အပျက်သဘောကဲ့သို့သော အကောင်း၊ အဆိုးကို သိရှိနိုင်သကဲ့သို့ ယင်းမှတစ်ဆင့် မိမိ၏ကိုယ်ပိုင် အတွေးအခေါ် အယူအဆနှင့် ဆုံးဖြတ် ချက်များကို ဆင့်ပွားရယူနိုင်မည်ဖြစ်သည်။
ဆန်းစစ်ဝေဖန်စာဖတ်ခြင်း နည်းလမ်းသည်ဆန်းစစ်ဝေဖန်စဉ်းစား တတ်သူ၏ အစိတ်အပိုင်းတစ်ရပ်ဟု ဆိုပါသည်။ သို့ဖြစ်ရာ စာတစ်ပုဒ်
အား ဆန်းစစ်ဝေဖန်ဖတ်ရှုခြင်းဖြင့် မိမိဖတ်သော စာအပေါ် နက်နက် နဲနဲ နားလည်နိုင်ရုံသာမက စာမှပေးသော အသိကို ပြန်လည်သုံးသပ် နိုင်ခြင်းနှင့် စာရေးသူ၏အယူအဆကိုလည်း ပြန်လည် သုံးသပ်နိုင်ပါသည်။ အကယ်၍ မိမိတို့သည် ဆန်းစစ်ဝေဖန်မှုမရှိပဲ စာဖတ်မည် ဆိုပါက အဆိပ်အတောက် ဖြစ်စေသော၊ ဘက်လိုက်သော၊ ပုဂ္ဂလဓိဋ္ဌာန် ကျသော၊ အပြုသဘောမဆန်သော စာများနှင့် ဆွေးနွေးတင်ပြမှုများကို ရရှိစေနိုင်ပါသည်။ စာများကို ဆန်းစစ်ဝေဖန်ဖတ်ရှုမည်ဆိုပါက မိမိ တို့၏ဖတ်ရှုမှု၊ လေ့လာမှုနှင့် သုတေသနပြုမှုတို့အပြင် မိမိကိုယ်တိုင်၏ သိရှိမှု၊ နားလည်မှု၊ အသိအမြင်၊ စဉ်းစားသုံးသပ်နိုင်စွမ်း၊ မှန်ကန်သော ဆုံးဖြတ်ချက်တို့ အတတ်နိုင်ဆုံး ခိုင်မာအားကောင်းစေနိုင်ပါ သည်။
စာဖတ်ခြင်းအလေ့အထသည် လူ့အဖွဲ့အစည်းအတွင်း အရေး ပါလှသည်။ စာဖတ်သည်ဆိုရာတွင် အကြောင်းအရာတစ်ခုအား သိရှိရုံ ဖတ်ရှုသည်ထက် မိမိဖတ်သောစာများကို နက်နက်နဲနဲ နားလည်ရန် ဖတ်ရှုခြင်းဖြင့် များစွာအကျိုးရှိစေမည်ဖြစ်သည်။ ဆန်းစစ်ဝေဖန် စာဖတ်ခြင်းသည် ပိုမိုနက်နဲသော စာဖတ်နည်းလမ်းတစ်ရပ်ဖြစ်ရာ မိမိဖတ်သော စာပါအကြောင်းအရာများ သိရှိရုံသက်သက်သာမက ဆန်းစစ်ခြင်း၊ သုံးသပ်ခြင်း၊ အသုံးပြုခြင်းနှင့်ဆင့်ပွားခြင်းများကိုလည်း လုပ်ဆောင်ပါသည်။
ဆန်းစစ်ဝေဖန်စာဖတ်ခြင်းနည်းလမ်းသည် အထူးအရေးပါ
ဆန်းစစ်ဝေဖန်စာဖတ်ခြင်းမှာ လေ့ကျင့်ယူနိုင်သော နည်းလမ်း တစ်ရပ်ဖြစ်သည်။ အဆင့်မြင့်ပညာများ သင်ယူရန်အတွက် ဆန်းစစ်ဝေဖန်စာဖတ်ခြင်းနည်းလမ်းသည် အထူးအရေးပါ ပါသည်။ ပညာရေး၏ အနှစ်သာရများထဲတွင် ဆန်းစစ်ဝေဖန် စဉ်းစားနိုင်စွမ်းရရှိရေး ပါဝင်ပါသည်။ ထို့အပြင် ဆန်းစစ်ဝေဖန် စာဖတ်ခြင်းသည် အသက်အရွယ်မရွေး အားလုံးအတွက် အသုံးဝင်သော ကျွမ်းကျင်မှုတစ်ရပ်လည်း ဖြစ်သည်။
အမူအကျင့်များကို ပြောင်းလဲစေနိုင်
ဆန့်ကျင်ဘက်အားဖြင့် ဆန်းစစ်ဝေဖန်မှုမပါသော စာဖတ်ခြင်းသည် အဆိပ်အတောက်ဖြစ်စေ နိုင်ပေသည်။ လူတစ်ဦးသည် မိမိဖတ်သော စာပေအကြောင်းအရာ အလိုက် မိမိတို့အပေါ် လွှမ်းမိုးတတ် သည်ကို သတိပြုကြရပါမည်။ မိမိဖတ်သော စာပါအကြောင်းအရာ၊ အယူအဆ၊ အတွေးအခေါ်များသည် မိမိတို့ကိုယ်တိုင်၏ အတွေးအခေါ်၊ အပြောအဆို၊ အမူအကျင့်များကို ပြောင်းလဲစေနိုင်ပါသည်။ ထို့အတူ ပတ်ဝန်းကျင်ကိုလည်း အကျိုးသက်ရောက် စေနိုင်ပါသည်။
သို့ဖြစ်ရာ ဆန်းစစ်ဝေဖန် စာဖတ်သည့် နည်းစနစ်ကိုလေ့ကျင့် ပြုစုပျိုးထောင်ခြင်းဖြင့် မိမိကိုယ်ကို ထိန်းကျောင်းနိုင်ပါသည်။ ထိုသို့ မဟုတ်ဘဲ သမားရိုးကျ စာဖတ်မည်ဆိုပါက ယေဘုယျအားဖြင့် သာမန်အသိကို ရရှိနိုင်မည် ဖြစ်သော်လည်း ဆန်းစစ်ဝေဖန် စာဖတ်မည်ဆိုပါက သာမန်အသိကိုသာမက အကြောင်းတရား၊ အကျိုးတရားကို ရှင်းလင်းစွာနားလည်နိုင်ပြီး မိမိကိုယ်တိုင်၏ စဉ်းစားနိုင်စွမ်း၊ ဆုံးဖြတ်နိုင်စွမ်းကို ရင့်ကျက်စေနိုင်ပါသည်။ ထို့အပြင် အဆိပ်အတောက်ဖြစ်စေသည့် စာများကိုလည်း သတိနှင့်ရှောင်ရှားနိုင်မည် ဖြစ်သည်။
စာဖတ်သည်ဆိုရာတွင် ပုံနှိပ်ထားသည့် စာပေဖြစ်စေ၊ ဒစ်ဂျစ်တယ်ဖြင့် ရေးသားထားသည့် စာပေဖြစ်စေ မည်သည့်စာပေမဆို ဖတ်ရှုခြင်းများ ပါဝင်သည်။ သတင်းများပေါက်ကွဲနေသည့် ယနေ့ ခေတ်ကာလတွင် ရသစာပေ၊ သုတစာပေတို့အပြင် သတင်းများပါ ပါဝင်လာပါသည်။ ဖတ်ရှုရသည့် စာပေများ များပြားလာသည်နှင့် မိမိဖတ်ရှုသည့် စာပေတိုင်း၏ အကောင်း၊ အဆိုးကို ဆန်းစစ်ရန် လိုအပ်လာပါသည်။ စာဖတ်ခြင်းသည် ကောင်းမွန်သော အလေ့အကျင့် တစ်ခုဖြစ်ပါ၏။ ထိုထက် သမားရိုးကျ စာဖတ်ခြင်းတွင် စဉ်းစားတွေးခေါ်မှု ပေါင်းစပ်ခြင်းဖြင့် ပိုမိုထိရောက်သော အကျိုးကျေးဇူးကို ရရှိစေ နိုင်ပါလိမ့်မည်။
ဆန်းစစ်ဝေဖန်စာဖတ်ခြင်းဖြင့် ပထမဦးစွာ ဝေဖန်စဉ်းစားနိုင်သူ တစ်ယောက် ဖြစ်လာစေရန် အထောက်အကူဖြစ်လာစေနိုင်ပါသည်။ ယင်းနောက်တွင် နည်းလမ်းမျိုးစုံ၊ ပုံစံမျိုးစုံဖြင့် မိမိဖတ်သော၊ မိမိကြား၊ မိမိကြည့်ရှုသော၊ မိမိစဉ်းစားတွေးခေါ်သော အကြောင်းအရာ အယူအဆများအပေါ် ပိုမိုချင့်ချိန် သုံးသပ်ဆင်ခြင်လာနိုင်မည်ဖြစ်သည်။ သို့မှသာ စာဖတ်ခြင်း၏ အကျိုးကျေးဇူးကို ထိထိရောက်ရောက် ရရှိနိုင်ပါသည်။ ။