နေပြည်တော် မေ ၂၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး (၇/၂၀၂၁) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဦးချစ်နိုင်၊ ဦးကိုကို၊ ဦးတင်ထွဋ်ဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာ ညွန့်ဖေ၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးရွှေလေး၊ ဒေါက်တာသက်သက်ခိုင်၊ ဦးမောင်မောင်အုန်း၊ ဦးစောထွန်းအောင်မြင့်နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ ဒေါ်သီတာဦးတို့ တက်ရောက် ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးများအနေဖြင့် သက်ဆိုင်ရာကဏ္ဍ အလိုက် မြို့နယ်များသို့ ကွင်းဆင်း ဆောင်ရွက်မှုများ ရှိသည်ကိုသိရှိရသဖြင့် ကောင်းမွန်သည့် ဆောင်ရွက်ချက်ပင်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် မူဝါဒကိုသာ ချမှတ်ပေးခြင်းဖြစ်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများက အကောင်အထည်ဖော်ဆောင်ရွက် ပေးရခြင်းဖြစ်ကြောင်း၊ ကွင်းဆင်း ဆောင်ရွက်ခြင်းကြောင့် သက်ဆိုင်ရာဌာနအလိုက် တာဝန် ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ၎င်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့အကျိုးအတွက် ဝန်ကြီးဌာနများ အချင်းချင်းလည်း တိုင်ပင်ညှိနှိုင်းဆွေးနွေး အကြံပြုဆောင်ရွက် ကြရန်လိုကြောင်း။
မြေပြင်ကွင်းဆင်း ဆောင်ရွက်ချိန်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တိုင်းဒေသကြီးနှင့် ပြည်နယ်/မြို့နယ်များအလိုက် မဲစာရင်းစိစစ်တွေ့ရှိမှုများနှင့် ၂၀၂၀ ပြည့် နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်ပွားခဲ့သည့် မဲစာရင်းအခြေအနေများအား ဌာနဆိုင်ရာဝန်ထမ်းများ သိရှိအောင် ပြောကြားဆောင်ရွက်နေရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ဒီမိုကရေစီကိုတန်ဖိုးထားပြီး စစ်မှန်ရိုးသားသည့် ဒီမိုကရေစီ ဖြစ်စေချင်သော်လည်း ယခင်ပြီးခဲ့သည့်အထွေထွေရွေးကောက်ပွဲတွင် ဒီမိုကရေစီကို မရိုးမသား ပြုလုပ်ခဲ့သည့်အတွက် နိုင်ငံရေးအကျပ်အတည်းများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ကို နိုင်ငံ့ဝန်ထမ်းများ အားလုံး နားလည်သိရှိရန်လိုကြောင်း၊ အလားတူ နိုင်ငံ့ဝန်ထမ်းများ စည်းကမ်းတကျ ဆောင်ရွက်တတ်စေရန်နှင့် ရုံးလုပ်ငန်းများ စနစ်တကျရှိစေရေး ဝန်ကြီးဌာနများအလိုက် ကြပ်မတ်ကွပ်ကဲ ဆောင်ရွက်နေရန် လိုကြောင်း။
ပြည်တွင်းစက်မှုလုပ်ငန်းများ အားပေးဆောင်ရွက်မှုနှင့်ပတ်သက်၍ တိုင်းချစ်၊ ပြည်ချစ် စိတ်ဖြင့် ပြည်တွင်းဖြစ်ကို အားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ် မှုလုပ်ငန်းများနှင့် ပြည်တွင်းစီးပွားရေးကိုထိခိုက်စေနိုင်သည့် ကုန်သွယ်မှုများကို ထိန်းသိမ်း ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံအထက်ပိုင်း မန္တလေးတိုင်းဒေသကြီးနှင့် အညာဒေသများတွင် ပြည်တွင်းအထည်ချုပ် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ဥပမာအားဖြင့် ပုဆိုး၊ စောင်၊ ခြင်ထောင် ယက်လုပ်ခြင်း ဖြစ်ကြောင်း၊ အထည်ချုပ် လုပ်ငန်းများအတွက် လိုအပ်သည့် အချို့ချည်များအားပြည်ပနိုင်ငံများမှ တင်သွင်း အသုံးပြုလျက်ရှိသည်ကိုသိရှိရကြောင်း၊ ချည်ထုတ်လုပ်ရေးအတွက် လိုအပ်သော ဝါစိုက်ပျိုးမှုလုပ်ငန်း အတွက် လိုအပ်သည့် မြေ၊ ရေနှင့် မျိုးကောင်းမွန်စေရန်အတွက် နိုင်ငံတော်အစိုးရမှ ဦးဆောင်ပြီး ကူညီ ဆောင်ရွက် ပေးရန်လိုကြောင်း၊ မိမိတို့နိုင်ငံအတွက် လိုအပ်သည့် အဝတ်အထည်များအား ပြည်တွင်း စက်ရုံများမှထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ လတ်တလောရပ်ဆိုင်းထားသည့် နိုင်ငံတော်ပိုင် အထည်ချုပ်စက်ရုံများနှင့် ဝါကြိတ်စက်ရုံများ ပြန်လည်လည်ပတ်၍ အဝတ်အထည်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ခြင်းဖြင့် နိုင်ငံခြားငွေသုံးစွဲမှုများကို တစ်ဖက်တစ်လမ်းမှ လျှော့ချဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အလားတူ ပြည်တွင်း ဆေးဝါးထုတ်လုပ် မှုလုပ်ငန်းများမှ ပြည်တွင်း၌အသုံးများသည့် ဆေးဝါးများ လုံလောက်အောင် ထုတ်လုပ်၍ ပြည်ပမှဆေးတင်သွင်းမှုများအား လျှော့ချနိုင်ခြင်းဖြင့် နိုင်ငံခြားငွေ သုံးစွဲမှုများ ကိုလျှော့ချရန် လိုကြောင်း၊ ပြည်တွင်းစက်မှုလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများသာမက အခြားဝန်ကြီးဌာနများကလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ကြရန်လိုကြောင်း။
မိမိတို့နိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေပြည်သူများဖြစ်သဖြင့် ကျေးလက်နေ ပြည်သူများ၏ စီးပွားရေးသည်အဓိကကျကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုး မွေးမြူရေးနိုင်ငံဖြစ်ပြီး ကျေးလက်စီးပွားရေးလုပ်ငန်းသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ဖြစ်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို တိုးတက်အောင် ခေတ်မီနည်းပညာများအသုံးပြု ဆောင်ရွက်ပေးခြင်းဖြင့် ပြည်တွင်းစားသုံးမှုဖူလုံပြီး ပြည်ပ နိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ စီးပွားရေး ဖွံ့ဖြိုးတိုး တက်လာမည်ဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍများ အလိုက် ဆွေးနွေးတင်ပြကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်ပိုင်စက်ရုံ၊ အလုပ်ရုံများ ရပ်နားထားရခြင်းကြောင့် နိုင်ငံတော်ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးမှုများရှိနေကြောင်း၊ အလားတူ ပုဂ္ဂလိကများနှင့် ဖက်စပ်ဆောင်ရွက်လျက်ရှိသည့်စက်ရုံများ ဆက်လက်လည် ပတ်နိုင်ရေးအတွက် နည်းလမ်းရှာဖွေရမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကသို့ငှားရမ်းထားသော စက်ရုံအလုပ်ရုံ များကိုလည်း မူလစာချုပ်ပါ လုပ်ငန်းတာဝန်များအတိုင်း ဆောင်ရွက်မှုရှိ၊ မရှိ စိစစ်၍ လိုက်နာမှုမရှိသည့် လုပ်ငန်းများကို စည်းကမ်းနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီများအနေဖြင့်လည်း စိစစ် ကြပ်မတ် ဆောင်ရွက်သွားရန်လိုကြောင်း။
မိမိတို့နိုင်ငံတွင် သဘာဝဘေးအန္တရာယ်များ မကြာခဏ ကျရောက်လေ့ရှိပြီး နှစ်စဉ် သဘာဝဘေး အန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ဘီလီယံနှင့်ချီရှိကြောင်း၊ လက်ရှိ ရာသီဥတုအခြေအနေအရ မုန်တိုင်းနှင့် မိုးသက်လေပြင်းများ ကျရောက်မည့် အနေအထားများ ရှိနေကြောင်း၊ ထို့ကြောင့် ဌာနဆိုင်ရာအလိုက် မိမိတို့ ဌာနအဆောက်အဦများ ပျက်စီး ဆုံးရှုံးမှုမရှိစေရေးနှင့် ဒေသအလိုက်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ထားကြရန်လိုကြောင်း၊ မကြာမီ မိုးတွင်းကာလရောက်ရှိမည် ဖြစ်သဖြင့် သက်ဆိုင်ရာမြို့နယ် များအလိုက် တံတားများနှင့် ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရန် မြို့နယ် အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်ပေါ်လာသည့် ပျက်စီး ဆုံးရှုံးမှုများကြောင့် နိုင်ငံတော်ဘဏ္ဍာငွေများစွာ ကျခံသုံးစွဲနေရကြောင်း၊ ထို့အတူ လူ၏ ပေါ့ဆမှုကြောင့် ပျက်စီးဆုံးရှုံးမှုမရှိစေရေး အတွက်လည်း ကြိုတင်စီမံဆောင်ရွက်သွား ကြရန် လိုကြောင်း။
လိုင်စင်မဲ့ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များနှင့် ပတ်သက်၍လည်း စစ်ဆေး အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ တရားမဝင် တင်သွင်း၍ ဖြန့်ချိရောင်းချနေမှုများကိုလည်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာန အနေဖြင့်လည်း ကြပ်မတ်ထိန်းချုပ်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ အများပြည်သူ ပို့ဆောင်ရေးစနစ်ကို အားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြို့ပတ်ရထား၊ လျှပ်စစ်ရထားနှင့် လျှပ်စစ်ဘတ်(စ်)ကားများ ပြေးဆွဲနိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လျှပ်စစ်စွမ်းအင်ကို အသုံးပြုခြင်းဖြင့် ပြည်တွင်းလောင်စာဆီ သုံးစွဲမှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အား ဖူလုံစွာရရှိရေးအတွက်လည်း ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သည့် ရေအားလျှပ်စစ် လုပ်ငန်းနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အားများ တရားမဝင် ရယူသုံးစွဲမှုများကြောင့် လေလွင့် ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး၊ လျှပ်စစ်ဓာတ်အားခများ သတ်မှတ်နှုန်းထားနှင့် သတ်မှတ်ချိန်အလိုက် ကောက်ခံရရှိရေး ဆောင်ရွက်ရန်လိုကြောင်း။
ပြည်တွင်း စီးပွားရေးလုပ်ငန်းများကို အားပေးကြရမည်ဖြစ်ကြောင်း၊ စီမံခန့်ခွဲမှု ညံ့ဖျင်းပါက တိုင်းပြည်ဆင်းရဲသွားမည်ဖြစ်ကြောင်း၊ အဆင်းရဲဆုံး နိုင်ငံများစာရင်းမှ လွတ်မြောက်နိုင်ရန် အစိုးရ အဆက်ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ တိုင်းပြည်အတွက် ရသင့်ရထိုက်သည့် အခွန်အခများ ရရှိအောင် ဆောင်ရွက်ရာတွင် နိုင်ငံတော်နှင့် ပြည်သူ နှစ်ဦးနှစ်ဖက်အကျိုးရှိအောင် လုပ်ဆောင်ရန် လိုကြောင်း၊ နိုင်ငံတော်မှရရှိသည့် အခွန်အခ များဖြင့် နိုင်ငံတော်၏ ငြိမ်းချမ်းရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ပညာရေး ကဏ္ဍများတွင် ထိရောက်စွာအသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရပ်နားထားရသည့် နိုင်ငံပိုင် စက်ရုံအလုပ်ရုံများ ပြည်လည်လည်ပတ်နိုင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပြီး ပြည်တွင်း ထုတ်ကုန်များ လုံလောက်အောင်ထုတ်လုပ်၍ ပြည်ပသွင်းကုန်များကို လျှော့ချကာ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)