နေပြည်တော် မေ ၂၀
ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်လမ်းများ ဖွံ့ဖြိုးရေး မဟာဗျူဟာရည်မှန်းချက်များ အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၏ လေးလပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေး ခန်းမဆောင်၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရွှေလေး၊ ဒုတိယဝန်ကြီး ဦးမင်းထိန်၊ အမြဲတမ်းအတွင်းဝန် ၊ အဆောက်အဦ ၊ လမ်း၊ တံတား ၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ ၊ ဒုတိယအမြဲတမ်း အတွင်းဝန် ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ ၊ အင်ဂျင်နီယာချုပ်များ၊ တိုင်းဒေသကြီး ၊ ပြည်နယ် ညွှန်ကြားရေးမှူး (မြို့ပြ)များသည် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ် အတွက် လုပ်ငန်း လျာထားချက်များကို ယနေ့ အစည်းအဝေး တွင် တင်ပြပေးရန် လိုပါကြောင်း၊ မြန်မာနိုင်ငံ တွင် ကျေးရွာပေါင်း(၅၂၃၂၉)ရွာတည်ရှိပြီး ကျေးလက်လမ်းမိုင်အရှည် စုစုပေါင်း ငါးသောင်း ခြောက်ထောင်ကျော် ရှိပါကြောင်း၊ အဆိုပါ လမ်းများ အသုံးပြုနိုင်မှုမှာ ရာသီမရွေး အသုံးပြုနိုင်သည့် လမ်းမိုင်မှာ တစ်သောင်းနှစ်ထောင် ရှစ်ရာကျော်(၂၃ ရာခိုင်နှုန်း) ၊ ခြောက်သွေ့ရာသီ၌ အသုံးပြုနိုင်သော လမ်းမိုင်မှာ လေးသောင်း သုံးထောင်ကျော် (၇၇ ရာခိုင်နှုန်း) ရှိပါကြောင်း။ ကျေးလက် လမ်းများဖွံ့ဖြိုးတိုးတက်ရေး အတွက် ချမှတ်ထားသော ကျေးလက် လမ်းများဖွံ့ဖြိုးရေး ၂၀၃၀ ပြည့်နှစ် မဟာဗျူဟာ ရည် မှန်းချက်များနှင့်အညီ တစ်နိုင်ငံလုံး ၈၀ ရာခိုင်နှုန်းအထိ အသုံးပြုနိုင်ရန် အစီအစဉ်များ ရေးဆွဲ ထားပါကြောင်း။
ကျေးလက်လမ်းတံတားများ ရေရှည်တည်တံ့ခိုင်မြဲပြီး ၊ ဆက်သွယ်သွားလာမှု လွယ်ကူချောမွေ့ လာသည်နှင့်အမျှ ကုန်ကျစရိတ်သက်သာပြီး ကျေးရွာရှိ ထုတ်ကုန်များ ဈေးကွက်သို့ အချိန်မှီ တင်ပို့ရောင်းချ နိုင်ခြင်းဖြင့် နိုင်ငံ၏ (G.D.P) ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း၊ ဌာနမှ တာဝန်ယူ တည်ဆောက်သော လုပ်ငန်း များသာမက လုပ်ငန်း တင်ဒါစနစ်ဖြင့် ဆောင်ရွက်သော ပုဂ္ဂလိက ကုမ္ပဏီများ၏ လုပ်ငန်းများ ဆောင်ရွက်ရာတွင် တင်ဒါစည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာ ဆောင်ရွက်ရန် လိုပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး၊ ပြည်နယ်ညွှန်ကြားရေး(မြို့ပြ) များက ၂၀၁၉ - ၂၀၂၀၊ ၂၀၂၀-၂၀၂၁ နှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်းများ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးမင်းထိန် က ဝန်ကြီးဌာန၏ ရှေ့ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများ၊ မူဝါဒပိုင်းဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံ့ဝန်ထမ်းများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် အမြဲတမ်းအတွင်းဝန် ၊ ညွှန်ကြားရေးမှူးချုပ် တို့က လမ်း၊ တံတား တိုးတက်မှု အခြေအနေ၊ လုပ်ငန်းများ သတ်မှတ်ချက်နှင့်အညီ အချိန်မီပြီးစီးရေးနှင့် ဘဏ္ဍာငွေကြေး၏ အခြေအနေတို့နှင့် ပတ်သက်၍ ဖြည့်စွက်ရှင်းလင်းတင်ပြသည်။ တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်း လိုအပ်ချက်များ မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)