Skip to main content

ဆေးရုံလုပ်ငန်းများ မူလအခြေအနေသို့ ရောက်ရှိစေရန်နှင့် ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှုအတွက် တာဝန်သိသိ သစ္စာရှိရှိ ဆောင်ရွက်ရန်လိုအပ်

နေပြည်တော် မေ ၂၀

လုပ်ငန်းလိုအပ်ချက်အရ ဗဟိုအဆင့်ဆေးရုံကြီးများ၊ ခုတင်(၂၀၀)နှင့်အထက် ပြည်သူ့ဆေးရုံကြီးများသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် ဆေးရုံအုပ်ကြီးများနှင့် တွေ့ဆုံပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း က ပြည်သူ့ဆေးရုံများတွင် လူနာများ တိုးတက် လက်ခံကုသမှု ဆောင်ရွက်ပေးနေသော်လည်း အင်အားပြည့်လည်ပတ်ရန် လိုအပ်နေပါကြောင်း၊ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းအတွက် တာဝန်သိသိ သစ္စာရှိရှိ ဆောင်ရွက်ပေးရန် မှာကြားလိုပါကြောင်း၊ ယခု ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် ဆေးရုံအုပ်ကြီးများသည် အတွေ့အကြုံရှိပြီး ဖြစ်ပါသဖြင့် လူနာကုသရေးလုပ်ငန်း၊ ဆေးရုံသုံးပစ္စည်းများ ပြင်ဆင် ထိန်းသိမ်းခြင်း၊ ဘဏ္ဍာငွေစီမံခန့်ခွဲခြင်း၊ သက်တမ်းလွန်/လေလွင့်ဆေးများ မဖြစ်စေရန် စီမံခြင်း၊ လုပ်ငန်းခွင်ကင်းကွာဝန်ထမ်းများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခြင်း၊ ဆေးရုံလုံခြုံရေး စသည့် ကဏ္ဍအလိုက် အလေးထား ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ အနေ ဖြင့် Professional ပီသရန်၊ ကျင့်ဝတ်များကို လိုက်နာရန်နှင့် မိမိတို့လုပ်ငန်းများ အောင်မြင်စေရန် အတွက် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ နိုင်ငံခြား ပညာတော်သင် စေလွှတ်ခြင်းခံရသည့် ပုဂ္ဂိုလ်များ အနေဖြင့်လည်း ပညာတော်သင်စည်းကမ်းများကို လိုက်နာရန်လိုအပ်ပါကြောင်း။

 အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းခွင်မှ ပျက်ကွက်၍ ပြန်လည် ဝင်ရောက်ထမ်း ဆောင်နေသည့် ဝန်ထမ်းများမှ ဝန်ထမ်းငယ်များကို ခြိမ်းခြောက်ခြင်း/ လုပ်ငန်းစဉ် နှောင့်နှေးစေရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခြင်းများရှိပါက စိစစ်ဖော်ထုတ်ကာ ထိထိရောက်ရောက် အရေးယူ သွားမည်ဖြစ်ပါကြောင်း၊ ဆေးရုံများ လုပ်ငန်းပြန်လည်ဆောင်ရွက်နိုင်သဖြင့် လူနာများ အထူးဝမ်း သာလျက်ရှိပါကြောင်း၊ စိတ်ခံစားမှုဖြင့် မိမိတို့၏ကျင့်ဝတ်များကို ဖောက်ဖျက်ကာ လူနာများကို စွန့်ခွာခြင်းကြောင့် ပြည်သူများသာ ဒုက္ခခံစားနေရပါသဖြင့် ခေါင်းဆောင်မှု မှန်ကန်ကောင်းမွန်စွာဖြင့် မိမိဆေးရုံအလိုက် ဆောင်ရွက်ပေးရန် ဖြစ်ပါကြောင်း၊ ဖြစ်ပေါ်နေသည့် အခြေအနေမှန်များကို သိရှိရန်လိုအပ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးလုပ်ငန်း အရှိန်အဟုန်မြှင့်ပြင်ဆင် ဆောင်ရွက်ရန်၊ ဆေးရုံ သတင်းအချက်အလက်များ မှန်ကန်စွာဖြင့် အချိန်မီ တင်ပြပေးရန်၊ မိမိတို့၏ စွမ်းဆောင်ရည်အမြင့်ဆုံးဖြင့် ဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားသည်။

ယင်းနောက် တက်ရောက်လာကြသည့် ဆေးရုံအုပ်ကြီးများက လိုအပ်ချက်များ တင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ညှိနှိုင်းဆောင်ရွက်ပေးသည်။

အစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်မည့် ဆေးရုံအုပ်ကြီး(၁၃)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)