Skip to main content

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ကြီးနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တာဝန်ကျ(ပထမအဖွဲ့ခွဲ)မှ ဆရာတော်ကြီးများက (၇၃)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး(သဘောရေးဖြေ)စာမေးပွဲ ဖြေဆိုလျက်ရှိကြသော စာဖြေသံဃာများအား လိုက်လံကြည့်ရှု အားပေးချီးမြှောက်

ရန်ကုန် မေ ၂၀ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂ မဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ(ဗန်းမော်ဆရာတော်)၊ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့၊ တာဝန်ကျ (ပထမအဖွဲ့ခွဲ)မှ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနန္ဒသာရ(သံဖြူဇရပ်)၊ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ(မိတ္ထီလာ)၊ တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသေဋ္ဌိလ(ပြည်)၊ တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဓမ္မကထိကဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တတေဇောသာရာဘိဝံသ (မိုးကုတ်) ဆရာတော်နှင့် အဖွဲ့ဝင် ဆရာတော်ကြီးများသည် သာသနာရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲ(၁)နာရီခွဲတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေး ကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌(၇၃)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး (သဘောရေးဖြေ) စာမေးပွဲဖြေဆိုလျက်ရှိကြသော စာဖြေသံဃာများအား လိုက်လံကြည့်ရှု အားပေးချီးမြှောက်ခဲ့သည်။ ယနေ့ကျင်းပသည့် (၇၃)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး (သဘောရေးဖြေ) စာမေးပွဲသို့ အဘိဓမ္မာ(နောက်ပိုင်း)စာဖြေသံဃာ ၆ ပါး၊ အဘိဓမ္မာ(ရှေ့ပိုင်း) စာဖြေသံဃာ ၆ ပါး၊ ဝိနည်း (နောက်ပိုင်း) စာဖြေသံဃာ ၄၂ ပါး၊ စုစုပေါင်းစာဖြေသံဃာ ၅၄ ပါး ဝင်ရောက်ဖြေဆိုလျက်ရှိသည်။ အဆိုပါ (၇၃)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး(သဘောရေးဖြေ) စာမေးပွဲကြီးကို ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ မေ ၁၇ ရက်မှ ၂၁ ရက်အထိ ၅ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး စာဖြေသံဃာ ၁၇၁ ပါး ဝင်ရောက်ဖြေဆိုလျက် ရှိသည်။ (သတင်းစဉ်)