Skip to main content

စုပေါင်းပိုင် အဆောက်အအုံတည်ထောင်သူများနှင့် နေထိုင်သူပြည်သူများအတွက် အကျိုးရှိစေ ရေး ရန်ကုန်တိုင်းဒေသကြီး စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး ကျင်းပ

ရန်ကုန် မေ ၁၉

 

ရန်ကုန်တိုင်းဒေသကြီး စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး (၁/၂၀၂၁)ကို ယနေ့ နံနက် ၉ နာရီခွဲက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။

 

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးက “နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ တာဝန်ယူဆောင်ရွက်သည့် ကာလတွင် ရန်ကုန်တိုင်းဒေသကြီး စုပေါင်းပိုင်  အဆောက်အအုံ ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီကို ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ ပြန်လည် ဖွဲ့စည်းပေးခဲ့ပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်(၂)ဖြစ်သည့် ရန်ကုန် မြို့တော်ဝန်အား ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ထားကြောင်း၊ ဤကော်မတီသည် စုပေါင်းပိုင် အဆောက်အအုံ တည်ထောင်ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊ အိမ်ခန်းများ မှတ်ပုံတင်ခြင်းနှင့် စုပေါင်းပိုင် အဆောက်အအုံ အသင်းဖွဲ့စည်းခြင်း လုပ်ငန်းစဉ်(၄)ရပ်ကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ပူးပေါင်းဆောင်ရွက်ကြမှသာ စုပေါင်းပိုင် အဆောက်အအုံ Developer များ၊ နေထိုင်သူ ပြည်သူများအတွက်ပါ အဆင်ပြေ အကျိုးရှိမည် ဖြစ်ကြောင်း၊ ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ဖြေရှင်းရမည့် အမှုတွဲများနှင့် ပတ်သက်ပြီး ယခုအစည်းအဝေးတွင် ပွင့်လင်းစွာ ဆွေးနွေးတိုင်ပင် အကြံပြုစေလိုကြောင်း” ပြောကြားသည်။

 

ဆက်လက်၍ ကော်မတီအတွင်းရေးမှူး၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းထားမှုကော်မတီ ဖွဲ့စည်းဆောင်ရွက်မှုများ၊ တည်ဆောက်ဆဲ စီမံကိန်းများနှင့် တည်ဆောက်ပြီး စီမံကိန်းများကို စီမံကိန်း ခွင့်ပြုမိန့်ထုတ်ပေးမှု၊ အိမ်ခန်းမှတ်ပုံတင် ထုတ်ပေးမှု၊ စုပေါင်းပိုင် အဆောက်အအုံ အသင်းဖွဲ့စည်းမှု အတွက် ဆောင်ရွက်ရန် လုပ်ငန်းများ ကို ရှင်းလင်းတင်ပြပြီး ယခုအစည်းအဝေးတွင် ဆွေးနွေးရမည့် လုပ်ငန်းလိုင်စင် လျှောက်လွှာ များအား စိစစ်ရွေးချယ်ပေးရန်ကိစ္စ၊ ဆောင်ရွက်ဆဲ လုပ်ငန်းတစ်ခု၏ မှတ်ပုံတင်ခွင့် ပြုရန်ကိစ္စ၊ မှတ်ပုံတင်လက်မှတ်ပုံနှိပ်ခြင်းနှင့် လုပ်ငန်းတင်ဒါ ခေါ်ယူပြီးစီးမှု၊ အိမ်ခန်းမှတ်ပုံတင်လက်မှတ် တန်ဖိုးသတ်မှတ်ရန် ကိစ္စတို့ကိုတင်ပြရာ မြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ တက်ရောက်လာ သူများက ဖြည့်စွက်ဆွေးနွေးကြပြီး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်က လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်