Skip to main content

မိုးယွန်ကြီးအင်းဘေးမဲ့တော့သို့ ပထမဆုံးရောက်ရှိလာသော ဆောင်းခိုငှက်တစ်မျိုးကို မှတ်တမ်းတင်ထား

ရန်ကုန် မေ ၁၉

 

ပဲခူးတိုင်းဒေသကြီး၏ ခရီးသွားကဏ္ဍနှင့် အပန်းဖြေလေ့လာရေးခရီးကို ဖော်ဆောင်ပေး လျက်ရှိသော မိုးယွန်းကြီးအင်းဘေးမဲ့တောသို့ ပြည်တွင်းခရီးသွားများ လာရောက်လေ့လာ အပန်းဖြေလျက်ရှိပြီး ဆောင်းခိုငှက်နှင့် ဌာနေရေပျော်ငှက်တို့ ကျက်စားနေထိုင်လျက်ရှိရာ ဧပြီလက ပထမဆုံးအကြိမ်ရောက်ရှိလာသော ဆောင်းခိုငှက် Shearwater ကို ဘေးမဲ့တောမှ အခြားငှက်မျိုးစိတ်များနည်းတူ မှတ်တမ်း တင်ထားကြောင်း သိရသည်။

 

ကျက်စားနေထိုင်

ဧရာဝတီလင်းပိုင်ကဲ့သို့ မြန်မာ့မျိုးရင်း ရှားပါးရေသတ္တဝါတို့ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်နေသည့်နည်းတူ ဒေသမျိုးရင်း ငှက်များနှင့် မြန်မာပြည်သို့ ရောက်ရှိလာသော ဆောင်းခိုငှက်တို့ကို သက်ဆိုင်ရာဌာနတို့မှ လူမှုရေးအသင်းဖွဲ့များနှင့် ပူးပေါင်းကာကွယ် လျက်ရှိရာ စတုရန်းမိုင် ၄၀ ကျယ်ဝန်းသော မိုးယွန်းကြီးအင်းအတွင်း ဌာနေရေပျော်ငှက်နှင့် ဆောင်းခိုငှက်တို့ ကျက်စားနေထိုင်လျက်ရှိသည်။

 

ကာကွယ်စောင့်ရှောက်

 

“ပြီးခဲ့တဲ့ဧပြီလက ဆောင်းခိုငှက်ဖြစ်တဲ့ Shearwater တစ်ကောင်တွေ့ရှိရတဲ့အတွက် မှတ်တမ်းတင်ထားပါတယ်။ မျိုးစိတ်က ရှိပြီးသားဆိုပေမယ့် မိုးယွန်းကြီးအင်းကို ပထမဆုံး ရောက်ရှိတာဖြစ်လို့ မှတ်တမ်းအသစ်တင်ထားတာပါ။ ဒီအင်းမှာ ဌာနေရေပျော်ငှက်မျိုး စိတ်နဲ့ အခြားဒေသကရောက်ရှိလာတဲ့ ဆောင်းခိုငှက်တွေကို ကာကွယ်စောင့်ရှောက်ထားပါတယ်” ဟု မိုးယွန်းကြီးအင်းဘေးမဲ့တော အုပ်ချုပ် ရေးမှူး ဒေါ်သင်းသင်းယုက ပြောသည်။

 

မှတ်တမ်းတင်ထား

 

အခြေခံခရီးသွားလုပ်ငန်းများမှ နိုင်ငံအတွက် အခွန်ငွေရရှိသောကြောင့် ယဉ်ကျေးမှုနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို နိုင်ငံတိုင်းက ထိန်းသိမ်းကာကွယ်လျက်ရှိပြီး မြန်မာနိုင်ငံ တွင်လည်း တောရိုင်းတိရစ္ဆာန်၊ ငှက်မျိုးစိတ်၊ အပင်၊ ရုက္ခနှင့် ဇီဝမျိုးစုံမျိုးကွဲတို့ကို ထိန်းသိမ်း စောင့်ရှောက်လျက်ရှိရာ မိုးယွန်းကြီးအင်း ဘေးမဲ့တော၌ ဆောင်းခိုငှက်မျိုးစိတ် ၄၀ ကျော်နှင့် ဌာနေရေပျော်ငှက် ၁၃ဝ ခန့် ကျက်စား လျက်ရှိသည်။ မိုးယွန်းကြီးအင်းဘေးမဲ့တောတွင် ငှက်မျိုးစိတ်ပေါင်း ၁၇၂ မျိုးကျက်စားလျက်ရှိပြီး ယခုနှစ်ပြီလက မိုးယွန်းကြီးအင်း ဘေးမဲ့တော သို့ ပထမဆုံးရောက်ရှိလာသော Shearwater ဆောင်းခိုငှက် မျိုးစိတ်ကို မှတ်တမ်းတင်ထား ကြောင်း သိရသည်။

 

ညမ်းသူ၊

ဓာတ်ပုံ - ကနူး