Skip to main content

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲဝင်ရန်အတွက် ရန်ကုန်မြို့တွင် စခန်းသွင်း လေ့ကျင့်လျက်ရှိ

ရန်ကုန် မေ ၁၉ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် အောင်မြင်မှုရရှိစေရန် အတွက် မြန်မာအားကစားအဖွဲ့များအား ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင် စခန်းသွင်း လေ့ကျင့်လျက်ရှိရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီးတို့၏ လမ်းညွှန်ချက်နှင့်အညီ ရန်ကုန်မြို့၌ စခန်းသွင်းလေ့ကျင့် လျက်ရှိသည်။ မြန်မာအားကစား အဖွဲ့များ လေ့ကျင့်နေမှုကို အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးကျော်စိုးမိုး၊ ရန်ကုန်တိုင်းဒေသကြီး အားကစား နှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး တို့နှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် မေ ၁၇ ရက် က ရန်ကုန်မြို့ရှိ အားကစားစခန်းများ သို့လိုက်လံကြည့်ရှုအားပေးစကား ပြောကြားသည်။ ရှေးဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့သည် အင်းလျားလမ်းရှိ လှေလှော် အားကစား လေ့ကျင့်ရေးစခန်းသို့ လည်းကောင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ သေနတ်ပစ် အားကစား လေ့ကျင့်ရေးကွင်း၌ လေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင် သေနတ်ပစ် အားကစားသမား များအား သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြားပြီး မြန်မာနိုင်ငံ သေနတ်ပစ် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်မိုးဝင်းက လေ့ကျင့်မှုအစီအစဉ် များနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။ ဆက်လက် ၍ မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန်မြို့တော်စည်ပင် အားကစားဝင်းအတွင်းရှိ မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အဖွဲ့ချုပ်သို့ ရောက်ရှိပြီး အားကစားသမားများ၏ လေ့ကျင့်နေမှုနှင့် စခန်းဝင်ရောက်မှု အခြေအနေများကို လည်းကောင်း၊ အောင်ဆန်းအားကစား ပြိုင်ဝင်း အတွင်းရှိ ဘိလိယက်နှင့် စနူကာ အားကစားသမားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး အစဉ်အလာ ကောင်းခဲ့သော အားကစားနည်းဖြစ်သည့် အားလျော်စွာ အစွမ်းကုန် လေ့ကျင့်သွား ရန် အားပေးစကားပြောကြားခဲ့ကြောင်း သိရ သည်။ အာကာလင်း ဓာတ်ပုံ - အာကာစိုး