နေပြည်တော် မေ ၁၉
တပ်မတော်အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများအနက် ပြည်သူလူထုအတွက် အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် နယ်လှည့်ဆေးကုသ ရေးအဖွဲ့များ စုစည်း၍ ဒေသခံပြည်သူလူထုကို ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လိုအပ်သည့် ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ခွဲစိတ်ရန်လိုအပ် သည့် လူနာများအား ခွဲစိတ်ကုသပေးခြင်း၊ ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက် ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် ပြည်သူလူထု၏ အရေးပေါ် ကျန်းမာရေး ဆိုင်ရာကုသမှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် တပ်မတော် ဆေးရုံများနှင့် ယာယီကုသရေး ဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှုများကို နေ့ညမပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၂၁၁၁၈၆ ဦးနှင့် အတွင်းလူနာပေါင်း ၆၄၄၃၉ ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။
၎င်းလူနာများအနက် အကြီးစားခွဲစိတ်ကုသရန် လိုအပ်သူ ၉၈၆၇ ဦး၊ အသေးစားခွဲစိတ်ကုသရန် လိုအပ်သူ ၅၀၀၉ ဦး၊ စုစုပေါင်း ၁၄၈၇၆ ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့သည့်အပြင် စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ် ကုသပေး လျက်ရှိသည်။ ထို့ပြင် ကလေးမီးဖွားလူနာ ၅၀၈၅ ဦးကို ခွဲစိတ်၍ လည်းကောင်း၊ ၇၄၉၃ ဦးကို သာမန်ဖြင့် လည်းကောင်း မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ ကလေးငယ် ၁၂၅၇၈ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး ဆက်လက်၍လည်း တပ်မတော် အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ မြင့်မားရန်အတွက် အရှိန်အဟုန်ဖြင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်