ရန်ကုန် မေ ၁၉
နိုင်ငံတစ်ဝန်း ပြည်သူများအကြား ငွေကြေးစီးဆင်း လည်ပတ်မှု အဆင်ပြေ ကောင်းမွန်စေရန် ရည်ရွယ်၍ မြန်မာ့စီးပွားရေး ဘဏ်အောက်ရှိ ခရိုင်ဘဏ်ခွဲများနှင့် မြို့ကြီးအချို့ ဘဏ်ခွဲ အသီးသီး အပါအဝင် စုစုပေါင်း မြန်မာ့စီးပွား ရေးဘဏ် ၇၇ ခုတို့တွင် အကန့် အသတ်မရှိ ငွေလွှဲ/ငွေထုတ် အထူးဝန်ဆောင်မှုလုပ်ငန်းများကို မေ ၁၇ ရက်မှ စတင်ဆောင်ရွက် နေပြီဖြစ်ကြောင်း သိရသည်။
မီဒီယာများအား ရှင်းပြ
အဆိုပါ ဘဏ်ဝန်ဆောင်မှု ဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိမြန်မာ့စီးပွား ရေးဘဏ်ခွဲ (၁) ပထမထပ်၌ မေ ၁၇ ရက်က ကျင်းပရာ နေပြည်တော် မြန်မာ့စီးပွားရေး ဘဏ်ရုံးချုပ် အထွေထွေမန်နေဂျာ ဦးဝင်းနိုင်ဦး တက်ရောက် ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး စတင် ဆောင်ရွက်မည့် မြန်မာ့စီးပွားရေးဘဏ်အောက်ရှိ နိုင်ငံတစ်ဝန်း ခရိုင်ဘဏ်ခွဲများနှင့် မြို့ကြီးအချို့ ဘဏ်ခွဲအသီးသီး တို့တွင် အကန့်အသတ်မရှိ ငွေလွှဲ/ငွေထုတ် ဝန်ဆောင်မှု လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မီဒီယာများအား ရှင်းပြသည်။
“လတ်တလော ပြည်သူတွေ ကြား ငွေထုတ်ဝန်ဆောင်မှု အခက် အခဲပြေလည်စေဖို့ ငွေသား အပ်နှံ ကောင်တာလေး စတင်ဖွင့်လှစ်ပေးတာ ဖြစ်ပါတယ်။ ဒီကောင်တာက ဝန်ဆောင်မှု ပေးမယ့် ဘဏ်လုပ်ငန်းဆိုင်ရာ တွေကတော့ မကြာသေးခင် ဗဟိုဘဏ်က ထုတ်ပြန်ထားတဲ့ အထူးအကောင့်တွေနဲ့ပတ်သက် ပြီး အထူးအကောင့် ဖွင့်လှစ်တဲ့ငွေ တွေကို လက်ခံပေးတာတွေ၊ အထူးအကောင့်ကနေ ငွေသား ထုတ်ပေးတဲ့ လုပ်ငန်းတွေ၊ ဒီ မြန်မာ့စီးပွားရေးဘဏ်ခွဲ (၁) အပါအဝင် မြန်မာ့စီးပွားရေး ဘဏ်ခွဲပေါင်း ၇၇ ခုမှာ ငွေလွှဲပို့မယ်၊ တစ်ဖက်ဘဏ်ကလည်း အဆင်ပြေပြေ ငွေထုတ်ပေးမယ်။ အဲဒီလုပ်ငန်းစဉ်တွေကို အဆင်ပြေစေဖို့ အဓိကရည်ရွယ်ပြီး စတင် ဖွင့်လှစ်ဝန်ဆောင်မှု ပေးတာဖြစ်ပါတယ်” ဟု နေပြည်တော် မြန်မာ့ စီးပွားရေး ဘဏ်ရုံးချုပ်မှ အထွေထွေမန်နေဂျာ ဦးဝင်းနိုင်ဦးက ပြောကြားသည်။
ဝန်ဆောင်မှုပေး နိုင်ငံတစ်ဝန်း
မြန်မာ့စီးပွား ရေးဘဏ်အောက်ရှိ အကန့်အသတ် မရှိ ငွေလွှဲ/ငွေထုတ် အထူး ဝန်ဆောင်မှု ပေးသွားမည့် ဘဏ်ခွဲများအနေဖြင့် ရန်ကုန်မြို့၌မြန်မာ့ စီးပွားရေးဘဏ်ခွဲ ၁၊၂၊ ၃၊ ၄၊ ၅၊ ၆၊ နှင့် ငွေစုဘဏ်ခွဲ ၁၊၂၊၃၊၄၊ မြို့နယ် ဘဏ်ခွဲများဖြစ်သည့် ကြည့်မြင် တိုင်၊ ကမာရွတ်၊ တာမွေ၊ မြောက် ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ အင်းစိန် နှင့် သန်လျင်တို့၌ လည်းကောင်း။ မြစ်ကြီးနား၊ ပူတာအို၊ ဗန်းမော်၊ လွိုင်ကော်၊ ဘားအံ၊ မြဝတီ၊ ဖလမ်း၊ ဟားခါးမင်းတပ် စစ်ကိုင်း၊ မုံရွာ၊ တမူး၊ ကသာ၊ ရွှေဘို၊ မော်လိုက်၊ ကလေး ခန္တီး၊ ထားဝယ်၊ ကော့သောင်း၊ မြိတ်ဘဏ်ခွဲများ၌ လည်းကောင်း။ ပဲခူး၊ သာယာဝတီ၊ တောင်ငူ၊ ပြည်၊ မကွေး၊ သရက်၊ မင်းဘူး၊ ပခုက္ကူ၊ ဂန့်ဂေါ၊၊ ပြင်ဦးလွင်၊ မြင်းခြံ၊ မိတ္ထီလာ၊ ကျောက်ဆည်၊ ညောင်ဦး၊ ရမည်းသင်း၊ ကျောက် ပန်းတောင်းဘဏ်ခွဲ နှင့် မန္တလေး ဘဏ်ခွဲ ၁၊၂၊၃တို့၌ လည်းကောင်း။ မော်လမြိုင်ဘဏ်ခွဲ ၁၊ ၂၊ သထုံ၊ စစ်တွေ၊ ကျောက်ဖြူ၊ မောင်တော၊ သံတွဲ၊ တောင်ကြီး၊ ကျိုင်းတုံ၊ တာချီလိတ်၊ လွိုင်လင်၊ လားရှိုး၊ မူဆယ်၊ ကျောက်မဲ၊ ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ မအူပင်၊ ဖျာပုံ၊ ပျဉ်းမနားနှင့် နေပြည်တော်ဘဏ်ခွဲများ၌ လည်းကောင်း ငွေလွှဲ/ငွေထုတ်ဝန်ဆောင်မှုများ ဆောင်ရွက်ပေးမည် ဖြစ် သည်။
ကန့်သတ်ချက်မရှိ ထုတ်ယူနိုင်
မြန်မာ့စီးပွားရေး ဘဏ်မှ ပြည်သူများအကြား ငွေကြေး လည်ပတ်မှုကောင်းမွန်စွာ စီးဆင်း နိုင်စေရန် ဝန်ဆောင်မှုပေးသော လုပ်ငန်းများမှာ စာရင်းအသစ် ဖွင့်သူများအတွက် အထူးကောင် တာ သီးခြားဖွင့်လှစ်ထားရှိမည် ဖြစ်ပြီး စာရင်းအသစ်ဖွင့်လှစ်ပေး ခြင်းနှင့် ငွေသားအပ်နှံမှု လက်ခံခြင်း၊ အဆိုပါ စာရင်းအသစ်မှ အခြားငွေပေးချေမှုများဖြစ်သည့် စာရင်းပြောင်း ငွေပေးအမိန့်လွှာ၊ ချက်လက်မှတ်များဖြင့် ထုတ်ပေးသည့် နည်းလမ်းများကိုလည်း ဆောင်ရွက်နိုင်ခြင်း၊ ငွေသား ပြန်လည်ထုတ်ယူလိုပါကလည်း အပ်နှံထားသည့် ငွေပမာဏ အတွင်း ကန့်သတ်ချက်မရှိ ထုတ်ယူနိုင်မည်ဖြစ်သည်။ အဆိုပါ အထူးကောင်တာမှ မြန်မာ့စီးပွားရေးဘဏ် အောက်ရှိ ရန်ကုန်မြန်မာ့စီးပွားရေးဘဏ်ခွဲ (၁) အပါအဝင် နိုင်ငံတစ်ဝန်း ခရိုင်ဘဏ်ခွဲများနှင့် မြို့ကြီးအချို့ရှိ မြန်မာ့စီးပွားရေးဘဏ် စုစုပေါင်း ၇၇ ခုတို့တွင် အပြန်အလှန် ငွေလွှဲပေးပို့ခြင်းကို ငွေသားဖြင့် ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း၊ ငွေသားအပ်နှံမှု၊ ထုတ်ယူမှုနှင့် ငွေလွှဲပေးပို့မှု စသည့်ဘဏ် ဝန်ဆောင်မှု လုပ်ငန်းများကို လွယ်ကူလျင်မြန်စွာ ဆောင်ရွက်ပေးမည်ဖြစ်သည်။ ငွေလွှဲခကောက်ခံရာတွင်လည်း လက်ရှိ မြန်မာ့စီးပွားရေး ဘဏ်မှကောက်ခံနေသော နှုန်းထားအတိုင်းကောက်ခံမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြန်မာ့စီးပွားရေးဘဏ်ခွဲ(၁)အပါအဝင် တိုင်းဒေသကြီး အတွင်းရှိ စုစုပေါင်းဘဏ်ခွဲ ၁၇ ခု တွင် ယနေ့ စတင်ဖွင့်လှစ်သော အထူးအကောင့်အသစ်ဖြင့် ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းများကို စတင်လုပ်ဆောင်ရာတွင် အကောင့်အသစ်ဖြင့်ငွေသားအပ်နှံမှုနှင့် ငွေလွှဲမှုမှာ ငွေကျပ်သိန်း ပေါင်း ၅၀၀ ကျော်ရှိခဲ့ပြီး အခြားမြို့နယ်အသီးသီးရှိ ချိတ်ဆက် ထားသော သက်ဆိုင်ရာဘဏ် အသီးသီးမှ လွှဲပြောင်းလိုက်သော ငွေများကို ထုတ်ပေးရာတွင် ငွေကျပ်သန်းပေါင်း ၁၈၆ သန်း ဝန်းကျင်ရှိကြောင်း သိရသည်။
မောင်စိန်လွင်(မြန်မာ့အလင်း) ဓာတ်ပုံ - မင်းထက်